ခင်ဆွေမြင့် (မြန်မာစာ)
မဟေသီထိပ်ထား ပဲခူးမိဖုရား
ရှေးမြန်မာဂန္ထဝင်စာပေနယ်ပယ်တွင် မြန်မာအမျိုးသမီးစာဆိုများ၏ စာပေဖန်တီးမှုသည် တစ်ခန်းတစ်ကဏ္ဍအဖြစ် လှပတင့်တယ်စွာ တည်ရှိခဲ့ပါသည်။ ရွှေနန်းတော်နေ မင်းမိဖုရားများ၊ နှမတော်များ၊ သမီးတော်များ၊ မောင်းမမိဿံများသာမက သာမန်နန်းတွင်းသူများ၊ ရပ်သူရွာသူ ကျေးလက်သူ အမျိုးသမီးများစွာတို့သည် စာသံပေသံ၊ ကျမ်းဂန်သံပါသော နန်းတွင်းစာပေများ၊ ထီးသံနန်းသံ လွမ်းသံပါသော ရတုကဗျာအချင်းကဗျာများ၊ လယ်တောသံ ယာတောသံ ကျေးတောသံပါသော တေးချင်းကဗျာ များစွာတို့ကို ရေးဖွဲ့ခဲ့ကြသည်။
ဟံသာဝတီရွှေနန်းရှင် ငါးဆူဒါယကာ နန္ဒဘုရင်၏ မိဖုရားခေါင်ကြီးဖြစ်သော၊ ပဲခူးမိဖုရားဟု နှောင်းလူတို့ အသိအမှတ်များကြသော ဟံသာဝတီ မိဖုရားကြီးသည်လည်း ရတုကဗျာပုဒ်ရေများစွာ ကို ရေးဖွဲ့ခဲ့သည့် တောင်ငူခေတ် နန်းတွင်းစာဆို မိဖုရားကြီးတစ်ပါး ဖြစ်ပါသည်။
“ဆောင်းလည်းကုန်လေ၊ နွေသို့ရောက်လစ်
ရတုသစ်ဝယ်၊ ကျူးထစ်သံပြိုင်
မြရေစိုင်တိ၊ ရွာပြိုင်ထန်ပြင်း၊
ပဇ္ဇုန်မင်းသည်၊ နွေကြွင်းမိုးသင်နှစ်တကား”
ထိုကဲ့သို့ ဆောင်းရာသီကုန်ဆုံး၍ နွေရက်များ ကြွင်းကျန်နေသေးသောအချိန်တွင်ပင် မိုးသည်းထန်စွာ ရွာကျလာသော ရာသီ၏ ထူးခြားသော သဘာဝနှင့် ရသကို ခံစားမိလာအောင် ရာသီဖွဲ့များကို မိမိ၏ ရတုများစွာတွင် နှစ်လိုဖွယ် ရေးဖွဲ့လေ့ရှိသူဖြစ်သည်။
တွေ့ရှိရသော ပဲခူးမိဖုရား၏ ရတုပုဒ်ရေ ၃၀ တွင် သူ့ခေတ်သူ့အခါက ရွှေနန်းတော်နေ ဘဝတစ်ခုမှ အဆင့်မြင့်လှသော အမျိုးသမီးစာဆိုတစ်ဦး၏ သောက၊ ဒုက္ခ၊ သမုဒယ၊ အချစ်အလွမ်းများနှင့် ရတုကဗျာအဖွဲ့စွမ်းရည်ကို ထိတွေ့ခံစားရပါသည်။
ပဲခူးမိဖုရား
ပဲခူးမိဖုရားသည် မဟာသီရိဇေယျသူရဘွဲ့ခံ ကေတုမတီမြို့တည် မင်းကြီးညို၏သားတော် တပင်ရွှေထီး၏ သမီးတော်တစ်ပါး ဖြစ်ပါသည်။ ဘုရင့်နောင်ကျော်ထင်နော်ရထာနှင့် မင်းကြီးညို၏ သမီးတော် တပင်ရွှေထီး၏ အစ်မတော်ဖြစ်သော ခင်ကြီး၏သားတော် နန္ဒမင်းသားနှင့် လက်ဆက် ခဲ့သူဖြစ်ပါသည်။ ဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံပြီးနောက် နန္ဒ မင်းသားသည် ဟံသာဝတီနန်းသို့ တက်ရသောအခါ ပဲခူးမိဖုရားသည် အတုလသီရိ မဟာရာဇဒေဝီဘွဲ့ခံ မိဖုရားခေါင်ကြီး ဖြစ်လာခဲ့ပါသည်။ ဟံသာဝတီ- တောင်ငူ ထီးနန်းလောကတွင် ပဲခူးမိဖုရား ဟူ၍ ထင်ရှားခဲ့သူဖြစ်ပါသည်။
ပဲခူးမိဖုရားသည် တပင်ရွှေထီး၏ အစ်မတော် ခင်ကြီး၏ တူမတော်ရင်းဖြစ်ပြီး နန္ဒဘုရင်သည် တပင်ရွှေထီး၏ တူတော်ရင်းဖြစ်သည်။ ပဲခူးမိဖုရားနှင့် နန္ဒဘုရင်သည် မောင်နှမတစ်ဝမ်းကွဲ တော်စပ် သူဖြစ်သည်။ ဝမ်းကွဲမောင်တော် နှမတော်ချင်း လက်ဆက်ရာမှ သားတော် သမီးတော် ခုနစ်ပါး မွေးဖွားခဲ့ပါသည်။ သားတော် သမီးတော်များမှာ-
(၁) မင်းအကြီး - တောင်ငူ ဒုတိယရွှေနန်းတည် မင်းရဲသီဟသူ၏ ညီတော် ကောလိယမင်းရဲကျော် ထင်နှင့် လက်ဆက်သူ၊
(၂) မင်းအထွေး - အိမ်ထောင်မကျ၊
(၃) မင်းကြီးစွာ - နန္ဒဘုရင် နန်းတက်ပြီးနောက် အိမ်ရှေ့မင်းဖြစ်လာပြီး ရာဇဝင်ကျမ်းများတွင် အိမ် ရှေ့ဥပရာဇာငယ်ဟူ၍ ခေါ်ဝေါ်သုံးစွဲသူ၊ ရာဇဓာတုကလျာကို သိမ်းယူခဲ့သူ၊
(၄) ခင်မနှောင်း - မြန်မာသက္ကရာဇ် ၉၆၂ (ခရစ် နှစ် ၁၆၀၀) တွင် ဟံသာဝတီသို့ စစ်ချီလာသော ရခိုင်မင်းအပြန်၌ တောင်ငူဘုရင်မင်းရဲသီဟသူက ဆင်ဖြူနှင့်အတူ ပေးအပ်ခဲ့သောကြောင့် ရခိုင်သို့ ဆောင်ယူခံရသူ၊
(၅) ခင်ပု - အသက် ၁၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သူ ၊
(၆) အင်းဝမင်းရဲကျော်စွာစုန် - အင်းဝဘုရင်ခံ ဖြစ်ခဲ့ပြီး တောင်ငူဘုရင်မင်းရဲသီဟသူလက်အောက် သို့ ဝင်ခဲ့သူ၊ တောင်ငူမိဖုရားနှင့် သားတော်နတ်သျှင်နောင်တို့၏ လုပ်ကြံမှုဖြင့် ကွယ်လွန်ခဲ့သူ၊
(၇) မင်းကြီးနှောင်း - နန္ဒဘုရင်လက်ထက်တွင် သတိုးဓမ္မရာဇာဘွဲ့မည်ဖြင့် ပြည်မြို့ကိုစားရသူတို့ ဖြစ်သည်။
ပဲခူးမိဖုရားနှင့် တောင်ငူခေတ်နောက်ခံဝန်းကျင်
မြန်မာရာဇဝင်ကျမ်းများအလိုအရ တောင်ငူမြို့သည် ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်ရနယ်မြေတွင် တည်ခဲ့သော မြို့ကြီးပြည်ကြီးဖြစ်သည်။ မြန်မာသက္ကရာဇ် ၆၄၁ခုနှစ် (ခရစ်နှစ် ၁၂၇၉) တွင် ဆွာချောင်းနားရှိ ကမ်းပါးမြင့်ရွာ - ရွာစား၏သားကြီး သဝန်ကြီးသည် ခပေါင်းချောင်းနှင့် ပေါင်းလောင်း မြစ် ဆုံရာအရပ်တွင် တောင်ငူမြို့ကို စတင်တည်ထောင်ခဲ့သည်။ သဝန်ကြီး သဝန်ငယ်မှအစ ပြု၍ မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ကြသော တောင်ငူသည် မြန်မာမင်းများ နန်းစိုက်ခဲ့ကြသော မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝဟူသော နန်းမြို့ များထက် မြို့သက်ရှည်ကြာသော မြို့ဖြစ်ပါသည်။
မြန်မာသက္ကရာဇ် ၈၄၇ ခုနှစ် (ခရစ်နှစ် ၁၄၈၅) တွင် တောင်ငူမင်း ၂၉ ဆက်မြောက်ဖြစ်သော မင်းကြီးညို နန်းတက်သည်မှစ၍ တောင်ငူသည် အင်အားကြီးမားလာခဲ့သည်။ မင်းကြီးညိုသည် တောင်ငူပတ်ဝန်းကျင် မြို့ရွာများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ မင်းကြီးညို၏ ထက်မြက်သော စစ်ရေးစွမ်းရည်ကြောင့် တောင်ငူ၏ စစ်ရေးအောင်မြင်မှုနယ်ပယ်သည် ကာလတိုအတွင်းမှာပင် ဟံသာဝတီအစပ်၊ ရမည်းသင်း မိတ္ထီလာနယ်မြေ၊ ကျောက်ပန်းတောင်းနယ်၊ တောင်တွင်းကြီးနယ်ပယ် များအထိ ကျယ်ပြန့်လာခဲ့သည်။
ရွှေနန်းကြော့ရှင်လက်ထက် အင်းဝ၏ နန်းတွင်း ထီးနန်းလုပွဲများ၊ တော်လှန်ပုန်ကန်မှုများကြောင့် လည်း အင်းဝမှတောင်ငူသို့ ထွက်ပြေးတိမ်းရှောင်သူများ များစွာရောက်ရှိလာခဲ့ကြသည်။ ဤသို့ဖြင့် တောင်ငူတွင် လက်ရုံးရည် နှလုံးရည်ထက်မြက်သူများ တိုးပွားလာခဲ့သည်။ အင်းဝဘုရင် ဒုတိယ မင်းခေါင်က မင်းကြီးညိုအား မင်းမြောက်တန်ဆာ ငါးပါးပေးပို့ပြီး ထီးရှင်နန်းရှင် မင်းတစ်ပါးအဖြစ် အသိအမှတ်ပြုခဲ့ခြင်း၊ အင်းဝရွှေနန်းကြော့ရှင် ဘုရင်နရပတိက တူမတော်နှစ်ပါးကို မိဖုရားများ အဖြစ် ပေးအပ်ခဲ့ခြင်းဟူသော နိုင်ငံရေးအခြေအနေ၊ နန်းတွင်းလူမှုဆက်ဆံရေးအခြေအနေများ ဖြစ်တည်လာခဲ့ပါသည်။
မင်းကြီးညို နတ်ရွာစံပြီးနောက် နန်းတက်သော တပင်ရွှေထီးနှင့် ဘုရင့်နောင်လက်ထက်တွင် တောင်ငူကို အခိုင်အမာ အခြေပြုပြီး တစ်မြို့တစ်နန်းစီဖြင့် ဖရိုဖရဲပြိုကွဲနေသော မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်စည်းရုံး တည်ဆောက်ခဲ့ကြသည်။ မြန်မာ သက္ကရာဇ် ၈၉၂ခုနှစ် (ခရစ်နှစ် ၁၅၃၀) - တပင်ရွှေထီး နန်းတက်သည်မှ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံသည့် မြန်မာသက္ကရာဇ် ၉၄၃ခုနှစ် (ခရစ်နှစ် ၁၅၈၁) အထိ နှစ်ပေါင်း ၅၀မျှကြာအောင် မင်းနှစ်ပါးသည် မြန်မာ တပ်မှူး၊ စစ်ကဲ၊ ရဲမက်၊ စစ်သည်များ နှင့်အတူ ပြည်တွင်းပြည်ပတိုက်ပွဲများ၊ မြို့သိမ်း ပြည်သိမ်းတိုက်ပွဲများ များစွာကို ဆင်နွှဲခဲ့ကြသည်။
အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်ခန္ဓာများစွာကို စတေးပြီး စည်းလုံးညီညွတ်သော၊ ဖွံ့ဖြိုးတိုးတက်သော၊ အေးချမ်းသာယာသော၊ အခြားတစ်ပါးသော မင်းတို့ နှောင့်ယှက်ဖျက်ဆီးရန် မဝံ့သော၊ သာသနာ့အရောင် ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပသော မြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်အောင် ကြိုးပမ်း အားထုတ်ခဲ့ကြသည်။
ဘုရင့်နောင်၏ အရိုက်အရာကို ဆက်ခံသော သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် ပြည်ဘုရင်သတိုးဓမ္မရာဇာ၊ တောင်ငူဘုရင် မင်းရဲ သီဟသူ၊ ဇင်းမယ်နော်ရထာစော၊ ညောင်ရမ်း မင်းရဲ ရန္တမိတ် စသော ဘထွေးတော်၊ ညီအစ်ကိုတော်၊ မြို့စားနယ်စား ဘုရင်ခံများနှင့် စိတ်ဝမ်းကွဲလာခဲ့ သည်။ တောင်ငူဘုရင်မင်းရဲသီဟသူနှင့် သားတော် နတ်သျှင်နောင်တို့၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ကမ္ဘောဇသာဒီရွှေနန်းတော်နှင့် ဟံသာဝတီ ရွှေမြို့တော် ပျက်စီးခဲ့ရသည်။ သံလျင်စားငဇင်ကာ နှင့်ပူးပေါင်းပြီး မြန်မာ့နန်းမြို့တော် တောင်ငူကို ဖြိုလှဲခဲ့သော နတ်သျှင်နောင်လက်ထက်တွင် တောင်ငူမင်းဆက်ပြတ်ခဲ့သည်။
စစ်ပွဲများ၊ တိုက်ပွဲများ၊ အောင်ပွဲများ၊ စစ်ဘေး စစ်ဒဏ်ခံစားရခြင်းများ၊ မြို့ကြီး နန်းကြီး တည်ထောင် နိုင်ခြင်းများ၊ သာသနာတော်ပြန့်ပွားထွန်းကားခြင်းများနှင့် ယနေ့ထိတိုင် မြန်မာ့သမိုင်းတွင် နယ်နိမိတ်ဧရိယာ အကျယ်ပြန့်ဆုံးဖြစ်ခဲ့သော ဒုတိယမြန်မာ နိုင်ငံတော်ကြီး ထူထောင်နိုင်ခဲ့ခြင်းများကို ခက်ခဲကြမ်းတမ်းပင်ပန်းစွာ ဖြတ်သန်းခဲ့ရသော တောင်ငူခေတ်သည် မြန်မာသက္ကရာဇ် ၉၇၄ ခုနှစ် ( ခရစ်နှစ် ၁၆၁၂ ) တွင် အဆုံးသတ်ခဲ့ရပါသည်။
ပဲခူးမိဖုရား၏ ဘဝရှင်သန်ရသော တောင်ငူခေတ်ကာလ၏ နောက်ခံဝန်းကျင်သည် ရွာတစ်ရွာ- မြို့တစ်မြို့ - ရုံးတစ်ရုံး - ဓားတစ်စင်းဖြင့် ကိုယ့်မင်းကိုယ့်ချင်း မင်းလုပ်နေကြသော၊ ဝါးအစည်းပြေနေကြသောခေတ်၊ သူပုန်သူကန် သူခိုးဓားပြများ ပုန်ကန်သောင်းကျန်းနေကြသောခေတ်ဖြစ်သည်။ မင်းတရားရွှေထီးနှင့် ဘုရင့်နောင်သည် ဤသို့သော မြန်မာနိုင်ငံတော်ကို စစ်ရေးနည်းများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နှိမ်နင်းခဲ့ကြရသည်။ နိုင်ငံရေး နည်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးသိမ်းသွင်း ခဲ့ကြရသည်။
ပဲခူးမိဖုရားသည် တောင်ငူဘုရင် မင်းကြီးညို၏ မြေးတော်ရင်း၊ မင်းတရားရွှေထီး၏ သမီးတော်၊ ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ချွေးမတော်၊ နန္ဒဘုရင်၏ မဟေသီမိဖုရား၊ အိမ်ရှေ့စံများ မြို့စား ပြည်စားများ မိဖုရားများဖြစ်နေကြသော သားတော်သမီးတော်များ၏ မယ်တော်မိဖုရားခေါင်ကြီး တစ်ပါး ဖြစ်ပါသည်။
ပဲခူးမိဖုရား၏ ဖခမည်းတော်၊ ယောက္ခမတော်၊ ခင်ပွန်းသည်နှင့် သားတော်များ၊ သမက်တော်များ၊ ဆွေတော်မျိုးတော်များသည် တောင်ငူခေတ်၏ နိုင်ငံ ရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်များအဖြစ် တိုက်ပွဲ စစ်ပွဲများစွာတွင် ပါဝင်ခဲ့ကြရသည်။ မိဝေး ဖဝေး၊ သားဝေး သမီးဝေး၊ ချစ်သူအိမ်သူဝေး နေခဲ့ကြရသည်။ ချွေး၊ သွေး၊ အသက်နှင့် ခန္ဓာများကို စွန့်စား စွန့်လွှတ်ခဲ့ကြရသည်။
ပဲခူးမိဖုရားသည် စစ်ချီ စစ်ထွက်နေကြရသော ခင်ပွန်းသည်နှင့် သားတော်၊ သမက်တော်များ၊ စစ်သူကြီးများ တပ်မှူးများတို့၏ ကြင်ရာတော်များ ဖြစ်နေကြသော သမီးတော်များ၏ ဘဝများအတွက် ပူပင်သောက ရောက်ခဲ့ရပါသည်။
စစ်ရေးစစ်ရာများကြောင့်ပင် မိမိ၏ ကြင်ရာတော် နန္ဒဘုရင်နှင့် သားတော်လတ် မင်းရဲကျော်စွာ စုန်သည် တူတော်၊ ညီအစ်ကိုတော်ဖြစ်သော နတ်သျှင် နောင်၏ သတ်မိန့်တော်ကြောင့် နတ်ရွာစံခဲ့ကြ ရသည်။ သားတော်ကြီးဖြစ်သော ဥပရာဇာငယ် မင်းကြီးစွာသည် ယိုးဒယားသို့ စစ်ချီ စစ်တိုက်ရာတွင် ကျဆုံးခဲ့ရသည်။ သမီးတော်ခင်ပုသည် အသက် ၁၉ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့ရသည်။ သမီးတော် တစ်ပါးဖြစ်သော ခင်မနှောင်းသည် ရခိုင်မင်းအတွက် စစ်ကူလက်ဆောင်အဖြစ် နှင်းဆက်ခံခဲ့ရပြီး ရခိုင်သို့ ပါသွားခဲ့ရသည်။ မိဖုရားကြီးသည် ရင်နင့်ဖွယ်ရာ ရင်နာဖွယ်ရာ ခါးသီးလှသော မိသားစု၏ ဖြစ်ရပ် အထွေထွေနှင့် တစ်ဘဝတာလုံး ပင်ပန်းနွမ်းလျခဲ့သူ ဖြစ်ပါသည်။
သူရေးသီရာ ရတုကဗျာ
စာဆိုပဲခူးမိဖုရားသည် မိမိ၏ ကိုယ်ရေးကိုယ်တာ ဘဝအတွေ့အကြုံများစွာ၊ အထိအခိုက် အရှအနများစွာ၊ ခံစားမှုဝေဒနာများစွာတို့ကို ရတုကဗျာများစွာဖြင့် ဖွင့်အန်သွန်ချ ဖွဲ့ဆိုပြခဲ့ပါသည်။
မိဘချင်းချင်း သက်ရာနှင်း၍ ဆောင်နှင်းအံ့ပေ
ပဲခူးမိဖုရားသည် မိမိ၏ဖခမည်းတော် တပင်ရွှေထီးနှင့် မယ်တော်မိဖုရား၊ နန္ဒမင်းသား၏ ဖခမည်း တော် ဘုရင့်နောင်နှင့် မယ်တော်ဖြစ်သော မိမိ၏ အရီးတော်သခင်ကြီးတို့၏ သဘောတူကြည်ဖြူပြီး အိမ်ရာချထားပေးမှုဖြင့် နန္ဒမင်းသားနှင့် ဘိသိက် မင်္ဂလာပွဲ ဆင်နွှဲခဲ့သူဖြစ်သည်။
“ထားအရာစင်” ချီ ရတုတွင် - မိမိတို့အား မင်းသားငယ်၊ မင်းသမီးငယ်ဘဝ ငယ်စဉ်အရွယ် ကပင်လျှင် နှစ်ဖက်သော ဘိုးဘွားမိဘများက လက်ထပ်မင်္ဂလာဆောင်နှင်းပေးရန် နှုတ်ကတိစကားပြောကြားခဲ့ကြကြောင်းကို
“မျိုးစေ့ဆွေညီ၊ နှုတ်ချင်းပြီ၍
စဉ်စီဘိုးဘွား၊ ရည်မှတ်ထားရှင့်” ဟူ၍ ဖွဲ့ဆို ဖော်ပြခဲ့ပါသည်။
ခမည်းတော် မယ်တော်များ၏ သဘောတူညီ မှုဖြင့်
“ဆောက်နှင်းကောင်းညွန့်၊ မိန့်တော်ခန့်လျက်၊
ရက်သန့်လျော်စွာ၊ ကြန်သောခါမှ၊
မင်္ဂလာအထွတ်၊ စုလျားပတ်၍” လက်ထပ်ခဲ့ခြင်းဖြစ်ပါကြောင်း မိမိဘဝ၏ တင့်တယ်လှပသော ကဏ္ဍတစ်ခုကို မှတ်တမ်းတင်ခဲ့ပါသည်။
မိမိအား ချစ်သူဟူ၍လည်းမှတ်ယူ၊ ဘုန်းကံချင်း လည်းတူညီ၊ အဆွေအမျိုးလည်းတော်စပ်၊ ရဲရင့် သူလည်းဖြစ်၊ အစ်မတော်အရင်းကဲ့သို့လည်း မိမိအပေါ်ကြင်နာသော နန္ဒမင်းသားနှင့် အသက်နှင့် ထပ်တူချစ်ခင်မိသည်ဖြစ်သော်လည်း လက်ထပ် မင်္ဂလာ မဆောင်နှင်းမီ မိမိ၏ ဦးဆံကို မနှင်း၊ မိမိ ဘဝကို မပေးအပ်ခဲ့သူ ဖြစ်သည်။ လက်ထပ်ကျမ်း သစ္စာဆိုပြီးမှသာလျှင် ချစ်သူမင်းသားအား ချစ်ရည် တူ နှစ်ကိုယ်မျှခဲ့သူ ဖြစ်ပါသည်။ တောစောင့်နတ်၊ တောင်စောင့်နတ်များ အားလုံးထံတွင် အကြိမ်ကြိမ် အဖန်ဖန် ကျိန်ဆိုပြီးခါမှ မိမိ၏အသည်းအသက်ကို နန္ဒမင်းသားအား နှင်းအပ်ခဲ့သူလည်း ဖြစ်ပါသည်။ ဤသည်ကို -
“ချစ်သူမှတ်ပျော်၊ ဘုန်းချင်းလျော်၍၊
မျိုးဖော်တမျှ၊ ရဲတေဇနှင့်၊
အစ်မရင်းမြတ်၊ မှတ်ပေစတင့်”
“မြရွှန်းကျိုင်းတံ၊ ရဲလှစံကို၊
ဦးဆံရှင်းရှင်း၊ မယ်မနှင်းတည်း၊
မင်းတို့ကျမ်းကို၊ ကျိန်ရွယ်ဆိုမှ၊
တစ်ကိုယ်အတူနေ၊ ကျွမ်းမိပေရှင့်”
“နတ်မှူးအလုံး၊ တောတောင်ကျုံး၍
သိမ်းရုံးဖန်ဖန်၊ ကျိန်မျိုးလွန်မှ
မင်းမွန်မင်းထံ၊ အသက်နှံရှင့်” စသောအဖွဲ့ များဖြင့် မိမိ၏ နှစ်လိုဖွယ်အိမ်ထောင်ဖက်မှုနှင့် မိန်းမသား ဂုဏ်ရည်စောင့်ထိန်းမှုကို တင်ပြခဲ့ ပါသည်။
ချစ်ခင်ရင်းနှီးကြသော တစ်ဝမ်းကွဲ မောင်နှမ များဘဝမှ ချစ်သူကြင်ဖက်များ ဖြစ်လာကြသော် လည်း ပဲခူးမိဖုရားသည် မြန်မာအမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာကို အလေးအမြတ်ထားသူဖြစ်ကြောင်း သိမြင်ကြရပါသည်။
(ဆက်လက်ဖော်ပြပါမည်)


