ကြံခင်း ၃ မတ်
ဧရာဝတီတိုင်းဒေသကြီး ဘက်ရဲမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ ဘက်ရဲဈေးနှင့် ဈေးရှေ့လမ်းတစ်လျှောက်တွင် ပြည်သူများထံသို့ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေမှုကို ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေး ဉီးအောင်ကိုကိုနှင့် ဝန်ထမ်းများ ပြည်သူ့ကျန်းမာရေးမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့တို့ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် (COVID-19) လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ပြည်သူများထံ အသိပေးပန်ကြားခြင်းများ၊ ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်မားနေကြောင်းနှင့် လူစုလူဝေးများပြားရာ နေရာများတွင် နှာခေါင်းစည်း (Mask)များတပ်ခြင်း၊ ကာကွယ်ပုံများကို သိရှိရေးအတွက် အသိပညာပေးခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် အဆုတ်ရောင်ရောဂါ (2019- ncov) ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ ကုသမှုခံယူနိုင်စေရန် အသိပညာဖြန့်ဝေခဲ့ကြပြီး ပြည်သူလူထု ကျန်းမာရေး ဗဟုသုတရရှိစေရန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်အသိပညာပေး လက်ကမ်းစာစောင် (၁၀၀၀) အား ပြည်သူများထံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)


