ရန်ကုန် ဇန်နဝါရီ ၂၃

ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးရန်သင့်လျော်သော အစားအသောက်ရရှိရေးသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၁၂)ထပ်ခွဲရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ စားသောက်ဆိုင်များမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်မြို့တော်(မြို့တော်ဝန်) ဦးဗိုလ်ဌေးက အဖွင့်မှာစကားပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ပေးသည်။

အဆိုပါသင်တန်းသို့ စားသောက်ဆိုင်အသီးသီးမှ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်၍ သင်တန်းကာလမှာ ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး ပြည်သူ့ကျန်း မာရေးဌာနဌာနမှူး ဒေါက်တာမြင့်သန်းထွန်းက အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေး၊ ဒေါက်တာရွှေဘော်က အစားအသောက် ပြုပြင်ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဒေါက်တာကိုကိုထွန်းက အစားအသောက်ထုတ်လုပ်မှု ဘေးအန္တရာယ်များကို စိစစ်ခြင်းနှင့်အဓိက အဆင့်ကို ကွပ်ကဲခြင်းစနစ်၊ ဒေါက်တာမြင့်မြတ်က သန့်ရှင်းသောအစားအသောက်နှင့် ဆိုးဆေး အန္တရာယ်၊ ဒေါက်တာဝေယံထက်က မသန့်ရှင်းသောရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ ဒေါက်တာအောင်ကိုဦးက Basic Food Safety & Sanitation စသည့် အကြောင်းအရာများကို စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်