ရန်ကုန် ၃ မတ်
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က သဘာပတိ ဆရာတော်အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရ က အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။
ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များက ‘သာသနဿစ လောကဿ ဝုဍ္ဎိ ဘဝတုသဗ္ဗဒါ’ အစချီသော နှစ်ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ဖွင့်လှစ်တော်မူကြသည်။
ယင်းနောက် အစည်းအဝေးကျင်းပမည့် ၁၃၈၁ ခုနှစ် တပေါင်းလဆန်း (၁၀၊ ၁၁၊ ၁၂) ၂၀၂၀ ပြည့်နှစ် မတ် (၃၊ ၄၊ ၅)ရက်များအတွက် အစည်းအဝေး အစီအစဉ်များကို အကြမ်းဖျဉ်း လျှောက်ထားပြီး အစည်းအဝေးကြီး၏ အတည်ပြုချက်ကို ရယူသည်။
ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က ယနေ့ ဖြန့်ဝေဆက်ကပ်ထားသော အစီအစဉ်တွင်ပါရှိသည့်အတိုင်း အစည်းအဝေးကျင်းပသွားမည် ဖြစ်ကြောင်း လျှောက်ထားပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကထာများကို နာယူကြသည်။
ထို့နောက် အစည်းအဝေးသဘာပတိ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ က အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့
ဒုတိယအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ အစည်းအဝေးသဘာပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော်
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်၏ သာရဏီယ သြဝါဒကထာ
[ ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃ ရက်၊ အင်္ဂါနေ့)
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးသို့ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင် မြတ်တို့ဘုရား။ ။
ဆရာတော်အရှင်မြတ်တို့ သက်တော်ရာကျော် ရှည်တော်မူကြလျက် ကိုယ်စိတ်နှစ်ဖြာကြည်သာရွှင်လန်း ချမ်းမြေ့စွာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး တာဝန်များကို ထမ်းဆောင်တော်မူနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက် နှုတ်ခွန်းဆက်စကား လျှောက်ထားအပ်ပါသည်ဘုရား။
ဆရာတော် အရှင်မြတ်တို့ဘုရား
ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လ (ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်၊ မေလ) ၌ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူတော်ကြီးမှာပင် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့သည်ဖြစ်ရာ နှစ်ပေါင်း ၄၀ တိုင်ခဲ့ပြီဖြစ်ပါသည်ဘုရား။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ရဟန်း၊ သံဃာတော်တို့၏ သမ္မုတိပေးရွေးချယ်စေလွှတ်အပ်သော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် ၁၂၁၈ ပါးတို့ တက်ရောက်ခဲ့ကြသည့် ယင်းပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံမှုခင်း ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများပြဋ္ဌာန်း၍ ဓမ္မဝိနယများနှင့်အညီ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းကာ သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအခန်း(၃) အပိုဒ်(၂၉) သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ဖြည့်စွက်ချက်)အခန်း(၃)၊ အပိုဒ်(၅)နှင့် အခန်း(၆)၊ အပိုဒ်-၁၀၉၊ အပိုဒ်ခွဲ(စ)တို့အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ကြီးကပင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အား သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စရပ်များ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါသည်ဘုရား။ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့တို့၏ ဆောင်ရွက်ချက်များကို အခြေခံ၍ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာလုပ်ငန်း ကိစ္စအဝဝကို “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” မူနှင့်အညီ ပျော့ကွက်ဟာကွက်များ နည်းနိုင်သမျှနည်းပါးရလေအောင် “သတိတမံ၊ ဉာဏ်မြေကတုတ်” လက်ကိုင်ပြုလျက် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည် ဘုရား။
ထိုသို့ ဆောင်ရွက်ကြရာ၌ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံမှုခင်း ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝိနိစ္ဆယလက်စွဲ၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါသည်ဘုရား။ ထိုအခြေခံစည်းမျဉ်း စသည်တို့သည် ဘုရားရှင်၏ ဓမ္မဝိနယ များကိုအခြေခံ၍ ခေတ်ကာလအားလျော်စွာ ပေါ်ပေါက်လာသည့် သံဃာ့အဖွဲ့အစည်းအတွက် ရှေးရှေးဒီဃဒဿီမဟာထေရ်ကြီးများ၏ အမြော်အမြင်ဖြင့် ညှိနှိုင်းဖြေရှင်းကာ တဖြေးဖြေးချင်း ရေးဆွဲအတည်ပြုခဲ့ကြသည့်အတွက် အတိုင်းအတာတစ်ရပ်အထိ ပြည့်စုံလုံလောက်သည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ကြပါသည် ဘုရား။ သို့ဖြစ်ရာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ထိုအခြေခံစည်းမျဉ်း စသည်တို့ကို ကျေကျေ လည်လည်လေ့လာ၍ သာသနာသန့်ရှင်းတည်တံ့ပြန့်ပွား ရေးကိစ္စများကို ဆောင်ရွက်ကြရန် လိုအပ်ပါသည်ဘုရား။
အချို့သော ဝိနိစ္ဆယမှုခင်းများတွင် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သဖြင့် မူလကပင် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ခဲ့ရသည့်မှုခင်းများရှိနေ ပါသည်ဘုရား။ အထူးသဖြင့် နိုင်ငံတော်အဆင့်မှာပင် ပျက်ပြယ်မှုခင်းများ ရှိနေကြသည်ကို ဝိုင်းဝန်းအဖြေရှာ အကြံပေးကြရန် လိုအပ်နေပါသည်ဘုရား။ အချို့သော သံဃာ့အဖွဲ့အစည်းတို့၏ ဆောင်ရွက်ချက်များသည် အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်မှုကြောင့် သတိပေးရခြင်း၊ သံဃာ့အဖွဲ့ အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများအရ အရေးယူရခြင်းများ ရှိနေသည်ကိုလည်း တွေ့ရှိရပါသည်ဘုရား။ ပညာရေးရာလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ အရည်အချင်း ပျက်ယွင်းသဖြင့် အရေးယူ ခံရခြင်းများ ရှိနေပါသည်ဘုရား။ ဤဖြစ်ရပ်များကို လေ့လာသုံးသပ်ပါက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အနေဖြင့် ကြီးကြပ်ကွပ်ကဲမှုများ သာသနာတော်အတွက် ကြောင့်ကြစိုက်အားထုတ်မှုများ လျော့ပါးလျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စရပ်များကို ဆောင်ရွက်ကြရာ၌ ထက်သန်သော ဝီရိယ၊ ဟိရီဩတ္တပ္ပတရားများဖြင့် ဆောင်ရွက်ကြရန် အလို့ငှာ တပည့်တော်တို့သည် “သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေး” ဟူသော ဦးတည်ချက်ဖြင့် သံဃာ့အစည်းအဝေးကြီးများ ကျင်းပ၍ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်အလိုက် သာသနာ တော်အရေးကိစ္စအဝဝကို ဆောင်ရွက်နေကြပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တွင် တာဝန်ယူသည့်ကာလ ရှည်ကြာလာသည်နှင့်အမျှ သူတော်ကောင်းတရား ဟိရီဩတ္တပ္ပများ လျော့နည်းလာမည်ကို သတိပြုဆင်ခြင်နိုင်ရန် လျှောက်ကြားရခြင်းဖြစ်ပါသည်ဘုရား။ ထို့အပြင် အချို့သော ရဟန်းသာမဏေများသည် သာသနာတော်နှင့် မအပ်စပ်သည့် သမဏသာရုပ္ပ မဖြစ်သော အပြုအမူများ ပြုမူနေကြသည်မှာ ဟိရီဩတ္တပ္ပတရားနည်းပါးလာကြခြင်း၏ သက်သေသာဓကများပင် ဖြစ်ပါသည်ဘုရား။ သို့ဖြစ်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ ဓမ္မဝိနယနှင့်အညီ သီတင်းသုံးနေထိုင်စေရေး သံဃာထုတစ်ရပ်လုံး သဒ္ဓါပသန္နဖြစ်စေရန် ညွှန်ကြားလွှာများနှင့်အညီ လိုက်နာဆောင်ရွက် စေရေးတို့အတွက် တပည့်တော်တို့အပါအဝင် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တို့က အလေးအနက်ထား၍ ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း သတိပေးလျှောက်ထားလိုပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား-
“ဝိနယော နာမ သာသနဿ အာယု” ဆိုသည့်အတိုင်း ဝိနည်းသည် သာသနာတော်၏ အသက်သွေးကြောပင် ဖြစ်ပါသည်ဘုရား။ “ဝိနယေ ဌိတေ သာသနံ ဌိတံ” ဆိုသည့်အတိုင်း ရဟန်းသာမဏေများ ဝိနည်းသိက္ခာပုဒ်တို့ကို စောင့်ထိန်းနေသမျှ ကာလပတ်လုံး ဗုဒ္ဓမြတ်စွာ၏ ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့နေမည်ဖြစ်သည့်အတွက် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကိုယ်တိုင်လည်း ဝိနည်းသိက္ခာပုဒ်များကို လိုက်နာခြင်း၊ ဝိနည်းသိက္ခာပုဒ်များနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခြင်း၊ သူတစ်ပါးအပေါ်၌လည်း ကျောသားရင်သားမခွဲခြားပဲ ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်ခြင်းတို့ဖြင့် သာသနာတော်ကြီးကို သန့်ရှင်းအောင်၊ တည်တံ့ပြန့်ပွားအောင် ဆောင်ကြဉ်းနိုင်ကြမည် ဖြစ်ပါသည်ဘုရား။
အထူးသဖြင့် အဖွဲ့အစည်းကြီးတစ်ခုလုံး ညီညီညွတ်ညွတ် ပြေပြေပြစ်ပြစ် ချစ်ချစ်ခင်ခင်လက်တွဲ ဆောင်ရွက်သွားရန် အရေးကြီးလှပါသည်။ မိမိတို့ အဖွဲ့အစည်းကြီး ညီညွတ်နေမှသာ၊ ငြင်းခုံခြင်းဆန့်ကျင်ခြင်းမရှိမှသာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဆောင်ရွက်ရာ၌အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ဘုရားရှင်၏အဆုံးအမ သြဝါဒကိုလည်း လိုက်နာဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း အောက်ပါဂါထာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား-
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသော ဗုဒ္ဓါနု သာသနီ။
ဘိက္ခဝေ- ရဟန်းတို့၊ ဝိဝါဒံ- ငြင်းခုံမှုကို၊ ဘယတော- သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ ဘေးရန်ကြီးအနေအားဖြင့်၊ ဒိသွာ- ရှုမြင်ကြ ကုန်သည်ဖြစ်၍၊ အဝိဝါဒဉ္စ- ငြင်းခုံမှုမရှိ ပကတိသင့်တင့်ညီညွတ်မှုကိုလည်း၊ ခေမတော- သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး၏ ဘေးကင်းရန်ကင်း ချမ်းသာခြင်း အနေအားဖြင့်၊ ဒိသာ- ရှုမြင်ကြကုန်သည်ဖြစ်၍၊ သမဂ္ဂါ- သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၌ တစ်စုတစ်ဝေးတည်း ညီညွတ်ကြကုန်သည်။ ဟောထ- ဖြစ်ကြပါကုန်လော့၊ သခိလာ- သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဆောင်ရွက်ရာ၌ ပြေပြေပြစ်ပြစ် ချစ်ချစ်ခင်ခင် မဆန့်ကျင်ကြ ကုန်သည်၊ ဟောထ- ဖြစ်ကြပါကုန်လော့၊ ဧသာ-ဤသို့ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ရာ၌ တစ်စုတစ်ဝေးတည်း ညီညွတ်ခြင်း၊ ပြေပြေပြစ်ပြစ် ချစ်ချစ်ခင်ခင် မဆန့်ကျင်ခြင်းသည်၊ ဗုဒ္ဓါနုသာသနီ- ဘုရားရှင်ဟူသမျှတို့၏ အဆုံးအမသြဝါဒ လမ်းရိုးကြီးပါပေတည်းဟု လျှောက်ထားရင်း ဘုရားတပည့်တော်၏ သာရဏီယဩဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်အပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ၂၀၁၈ ခုနှစ်က ၅ နှစ်မှ ၁၀ နှစ်အထိ ကြန့်ကြာမှုခင်း ၃၁ မှု၊ ၁၀ နှစ်အထက် ကြန့်ကြာမှု ခင်း ၃ မှု၊ စုစုပေါင်း ဝိနိစ္ဆယကြန့်ကြာမှုခင်း ၃၄ မှုရှိခဲ့ပြီး ယခုအခါ ၅ နှစ်မှ ၁၀ နှစ်အထိ ကြန့်ကြာမှုခင်း ၁၀ မှု၊ ၁၀ နှစ်နှင့်အထက် ကြန့်ကြာမှုခင်း ၅ မှု၊ စုစုပေါင်းဝိနိစ္ဆယကြန့်ကြာမှု ခင်း ၁၅ မှုသာရှိသဖြင့် ယခင်နှင့်စာလျှင် ဝိနိစ္ဆယ မှုခင်းများ လျော့နည်းသွားပါကြောင်း။ ဝိနိစ္ဆယမှုခင်းများ ကြန့်ကြာမှုမရှိစေရေးနှင့် မှုခင်းများ လျော့နည်းပပျောက်စေရေးအတွက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် ဓမ္မဝိနယကျွမ်းကျင်၍ စီမံခန့်ခွဲမှုထက်မြက်ပြီး သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အတွေ့အကြုံကြွယ်ဝသည့် သံဃနာယကဆရာတော်များနှင့် ဝိနည်းဓိုရ်ဆရာတော်များ အထူးလိုအပ်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်ဖွင့်လှစ်သည့် သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းများကို ၂၀၁၇ ခုနှစ်အထိ ဗဟိုအဆင့် ၇ ကြိမ်မျှ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းက ၈ ကြိမ်မြောက်၊ ဗဟိုအဆင့် သင်တန်းကို ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ပျမ်းမျှအားဖြင့် ၅ နှစ်လျှင်တစ်ကြိမ် သံဃနာယကနှင့်ဝိနည်း ဓိုရ်သင်တန်းများ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် သံဃနာယကနှင့်ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းပေါင်း ၁၈ ကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး သင်တန်းသား သံဃာတော် ၁၈၅၅ ပါးနှင့် လူပုဂ္ဂိုလ် ၂၀၀ ဦးတို့အားလည်းကောင်း၊ မြို့နယ်အဆင့်တွင် မြို့နယ်ပေါင်း ၉၀ မြို့နယ်တို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းပေါင်း အကြိမ် ၉၀ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး သင်တန်းသား သံဃာတော် ၇၂၃၆ ပါး၊ သီလရှင် ၂၀ ပါးနှင့် လူပုဂ္ဂိုလ် ၂၁၆ ဦးတို့အားလည်းကောင်း သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း သိရှိရပါကြောင်း၊ ဤကဲ့သို့ သံဃနာယကနှင့် ဝိနည်းဓိုရ် သင်တန်းများ ဖွင့်လှစ်ခြင်းအားဖြင့် သံဃာ့အဖွဲ့ အစည်းအခြေခံ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ ညွှန်ကြားလွှာများနှင့်အညီ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာများကို ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူပြုမည်ဖြစ်ကာ အနာဂတ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ တာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ပရိယတ္တိပညာရေးရာကဏ္ဍမှာ ဆရာတော်များ ကိုယ်တိုင်ပရိယတ္တိ စာသင်တိုက်များတွင် နေ့စဉ်သင်ကြားပို့ချလျက်ရှိသော ပရိယတ္တိစာပေသင်ကြား ပို့ချခြင်းလုပ်ငန်းဖြစ်၍ မြို့ရွာတိုင်းနှင့်အမျှ ကျယ်ပြန့်လှပါကြောင်း၊ ရှေးခေတ် ဘုန်းတော်ကြီးကျောင်းများသည် မြန်မာလူမျိုးတို့၏ပညာရေးကို တာဝန်ယူခဲ့သည့်အလျောက် လောကီလောကုတ္တရာပညာရပ်များ သင်ကြားပေးခဲ့ရာမှ နောက်ပိုင်းတွင် ပရိယတ္တိပညာရေးသည် ရဟန်းသာမဏေတို့၏ လက်ဝယ်၌ သီးခြားသဖွယ် တာဝန်ဖြစ်လာပြီးနောက် ပရိယတ္တိစာမေးပွဲများ၏ အခန်းကဏ္ဍသည်လည်း မြင့်မားလာပါသည်ကြောင်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြီးကြပ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက တာဝန်ယူကာ နှစ်စဉ်ကျင်းပပေးနေသည့် ပရိယတ္တိ စာမေးပွဲ ၅ မျိုးတွင် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာ ပရိယတ္တိဂုဏ်ဆောင် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ မွေးထုတ်ပေးနေသကဲ့သို့ ပါဠိပထမပြန် ဓမ္မာစရိယစာမေးပွဲများမှာ ပါဠိပညာရေး စနစ်အခြေခံပေါ်တွင် အဆင့်ဆင့်တာဝန်ယူသင်ရိုး ရေးဆွဲထားသဖြင့် စာသင်သား အများစုနှင့်သက်ဆိုင်သည့် စာမေးပွဲများဖြစ်ပါကြောင်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြီးကြပ်သည့်ပညာရေးဗဟိုအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဗဟိုအဖွဲ့ခွဲများဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိရာ စာမေးပွဲများ စည်းမျဉ်းစည်းကမ်း စနစ်တကျရှိစေရေးအတွက် ယခုနှစ် စာမေးပွဲများမတိုင်မီ တပေါင်းလအတွင်း နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ ပါဝင်သည့် အဖွဲ့ခွဲများဖြင့် စာဖြေဌာနများသို့ လှည့်လည်၍ ဩဝါဒပေးခြင်း၊ လိုအပ်သည်များကို ညွှန်ကြားခြင်း၊ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်တော်မူကြရန် စီစဉ်ထားကြောင်း သိရှိရပါသဖြင့် ကောင်းမြတ်သင့်လျော်သည့် အစီအစဉ်ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါကြောင်း။
ဝိနည်းတရားတော်သည် သာသနာတော်၏ အသက်ဖြစ်သကဲ့သို့ ရဟန်းသာမဏေများက ဝိနည်းသိက္ခာပုဒ်ကို သိရှိလိုက်နာကျင့်သုံးနိုင်ရေးအတွက် ပရိယတ္တိပညာရေးသည် အဓိကကျလှပါကြောင်း၊ ဆရာတော် သံဃာတော်များ၏ ဂန္ထဓုရတာဝန်အဖြစ် ပရိယတ္တိပညာ သင်ကြားရေးတွင် စာပေပညာသင်ကြားပေးရင်း အခြားတစ်ဖက်မှလည်း စာသင်သား ရဟန်းသာမဏေတို့အား နေထိုင်ကျင့်ကြံမှုကို တပါတည်းသင်ကြားပေးသည့် ပညာရေး စနစ်ဖြစ်သဖြင့် လောကုတ္တရာ ပညာသင်ကြားရေး၏ ထူးခြားမှုတစ်ရပ်ဟုဆိုနိုင်ပါကြောင်း၊ အကျင့်သီလ ကောင်းမွန်ခြင်း၊ ပညာဉာဏ်ထက်မြက်ခြင်း၊ သာသနာပြုစိတ်ထက်သန်ခြင်း တို့သည် တစ်ခုနှင့်တစ်ခုချိတ်ဆက်နေသည့် ဖြစ်ပေါ်တိုးတက်မှုဖြစ်ပါသဖြင့် ပရိယတ္တိပညာ ရေးအခန်းကဏ္ဍသည် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်ကြီးများ မျှော်မှန်းတော်မူကြသည့် သာသနာသုံးရပ် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အခြေခံကောင်း ပင်ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါကြောင်း။
နိဂုံးချုပ်အားဖြင့် လျှောက်ထားလိုသည်မှာ အဋ္ဌမအကြိမ်နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများ အဆင်ပြေချောမွေ့စွာ သီတင်းသုံးနိုင်ရေး၊ ဆွမ်းကွမ်းဝေယျာဝစ္စ ပြည့်စုံမျှတ ကောင်းမွန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးစသည့် လုပ်ငန်းဆောင်တာ အဖြာဖြာတို့ကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းစီမံ ဆောင်ရွက်ထားပါကြောင်း၊ ဆရာတော်ကြီးများအနေဖြင့် အစည်းအဝေးကာလအတွင်း ကျန်းကျန်းမာမာ စိတ်ချမ်းသာစွာဖြင့် သာသနာ အရေးအရာများကို ဆွေးနွေးဆုံးဖြတ်နိုင်ကြပါစေ၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စွာဖြင့် ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်ကြကုန်သော အရှင်သူမြတ်များ ဖြစ်ကြပါစေ၊ ဗုဒ္ဓသာသနာ တော်တော်ကြီး ရောင်ဝါနေသို့ လင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဘုရားတပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါကြောင်း လျှောက်ထားသည်။
ဆက်လက်၍ တစ်နှစ်တာကာလအတွင်း ပျံလွန်တော်မူသွားကြသည့် နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအတွက် သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်သည်။
ယင်းနောက် အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းကို တင်သွင်း၍ အတည်ပြုချက်ရယူသည်။
ထို့နောက် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက တင်သွင်းလျှောက်ထားပြီး နံနက်ပိုင်း အစည်းအဝေးကို ခေတ္တရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းကြေညာ၍ အစည်းအဝေးကို ဆက်လက်ကျင်းပရာ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာ အကျယ်ကို ကဏ္ဍအလိုက် သက်ဆိုင်ရာဆရာတော်ကြီးများက ဖတ်ကြားတင်သွင်းကြပြီး အစီအစဉ်များအတိုင်း ဆက်လက်ဆွေးနွေးတော်မူကြကာ ပထမနေ့ အစည်းအဝေးကို ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် အမှတ် ၂၄၀၊ ကုန်ဈေးတန်းလမ်းမှ ဦးသိန်းမောင်-ဇနီး ဒေါ်ပါးပါး စန္ဒီပရဆေး မိသားစုကဆက်ကပ် လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်


