နေပြည်တော် ဇွန် ၂၈
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ခုတင်(၅၅၀) ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီး ၁၃ ဦးပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့သည် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အတူ တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါအစီအစဉ်တွင် နှလုံးရောဂါဆိုင်ရာလူနာ ၂၅၀၊ အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၈၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ ၂၅၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာလူနာ ၂၄ ဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၈၀၊ ဆီးချိုနှင့်ဟော်မုန်း ရောဂါလူနာ ၂၀၈ ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုလူနာ ၈၅ ဦး၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်လူနာ ၃၉ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာ ၅၃ ဦး၊ အရိုးအကြောအဆစ် ရောဂါ ဆိုင်ရာလူနာ ၄၆၀၊ ကလေးသွေးရောဂါနှင့် ကလေးဦးနှောက်နှင့် အာရုံကြော ရောဂါဆိုင်ရာ လူနာ ၁၀၅ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၆၄၂ ဦးတို့ကို ကြည့်ရှု ကုသမှုပေးခဲ့ပြီး နှလုံးပုံရိပ်ဖော်ရိုက်ကူးခြင်း (Echocardiography) ၇၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်း ကြည့်ရှုကုသခြင်း ၁၁ ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း ရှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) ၂၄ ဦး၊ သံလိုက်ဓာတ်မှန် (MRI) စစ်ဆေးခြင်း နှစ်ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၃၄၉ ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု ၁၂၄၅ ခု၊ တယ်လီ ဗေးရှင်းဓာတ်မှန် (Ultrasound)ဖြင့် ရောဂါရှာဖွေခြင်း ၁၅၂ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၃၂၈ ဦး၊ ဦးခေါင်းခွံ ဖွင့်၍ ပြင်ပပစ္စည်း (Foreign Body) ခွဲစိတ်ထုတ်ပေးခြင်း တစ်ခုနှင့် ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသမှု တစ်ခုတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် တောင်ကြီးမြို့နယ်သာမက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ ပါဝင်ပြီး ရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော လူနာ ၁၉ ဦးကို သက်ဆိုင်ရာ ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေး နိုင်ခဲ့သည်။
ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၇ ရက်တွင် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသ ကုသမှုခံယူကြသော လူနာများကို အားပေးစကား ပြောကြားကာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ဆေးကုသမှုများကို ကြည့်ရှုအားပေးပြီး ဒေသထွက် လက်ဆောင်များ ပေးအပ်ကြသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူများ လက်လှမ်းမီ ရရှိနိုင်ရန်၊ ဆေးကုသမှုအတွက် လူနာမှ စိုက်ထုတ် ကုန်ကျစရိတ် လျော့နည်းစေရန် ယခုကဲ့သို့ အထူးကုဆေးကုသရေး အစီအစဉ်များကို အခြားမြို့နယ်များသို့လည်း သွားရောက်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်းစဉ်


