နေပြည်တော် ဩဂုတ် ၂၉
အရွယ်မရောက်သေးသည့် ကလေးသူငယ်ကို အဓမ္မအလုပ်ခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ ဒေါ်ရွှေဇင်ဝင်း(ခ)အိတီမ နှင့် ၎င်း၏ သမီးဖြစ်သူ မေသန္တာဝင်း တို့က ရွှေပြည်သာမြို့နယ်နေ မ----၊ ၁၂/၂၀၂၄ နှစ်အား နေ့စဉ် နံနက် (၅)နာရီမှ ည(၁၂) နာရီထိ ရွှေဂုံတိုင် ကားမှတ်တိုင်အနီးတွင် ပန်းရောင်းရန် ခိုင်းစေခဲ့ပြီး ပန်းရောင်း မကုန်သည့် နေ့များတွင် ရိုက်နှက်ခြင်းများပြုလုပ်၍ အဓမ္မအလုပ်ခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံ ဖြတ်ရယူခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း (ပ)၃၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။
ကမာရွတ်ခရိုင်တရားရုံးမှ ဩဂုတ် ၂၇ ရက်တွင် တရားခံ ဒေါ်ရွှေဇင်ဝင်း (ခ)အိတီမ နှင့် မေသန္တာဝင်း တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


