မြန်မာနိုင်ငံတွင် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာစိုက်ပျိုးမှုမှာ မြန်မာနိုင်ငံအောက်ပိုင်း ဒေသတစ်ခုလုံး နယ်ချဲ့ဗြိတိသျှလက်အောက် ကျရောက်သွားခဲ့ပြီးသည့်နောက်ပိုင်းတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ရော်ဘာသည် မူရင်းပေါက်ရောက်ရာဒေသ ဘရာဇီးနိုင်ငံမှ ကမ္ဘာအရပ်ရပ်သို့ မျိုးစေ့ယူဆောင် စိုက်ပျိုးခြင်းဖြင့် ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသသို့ ၁၈၇၆ ခုနှစ်တွင် စတင်ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။ ရော်ဘာစိုက်ပျိုးခဲ့သည့် သက်တမ်းနှစ်ပေါင်း ၁၅၀ ခန့်ရှိပြီဖြစ်သည့် မြန်မာ့ရော်ဘာ၏ လက်ရှိအထွက်နှုန်းနှင့် အရည်အသွေးတို့မှာ အာဆီယံ ဒေသတွင်း နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့နှင့်နှိုင်းယှဉ်ပါက နိမ့်ကျသည့် အခြေအနေတွင် ရှိနေသည်။

 

မြန်မာနိုင်ငံတွင် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုတို့တွင် စုစုပေါင်းဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထားပြီး အစေးခြစ်ဧက တစ်သန်းခန့်မှ ရော်ဘာတန်ချိန် သုံးသိန်းကျော် ထွက်ရှိသည်ဟု သိရသည်။ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ ပြည်တွင်း၌သုံးစွဲမှုမှာ တန်ချိန်နှစ်သောင်းကျော်ခန့်သာ ရှိပြီး ကျန်သည့် တန်ချိန်သုံးသိန်းခန့်ကို ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချနေရခြင်းဖြစ်သည်။ သို့ရာတွင် ဆိုင်ကယ်၊ စက်ဘီး တာယာများနှင့် ကျွတ်များစသည်တို့ကိုမူ နှစ်စဉ် အမေရိကန်ဒေါ်လာ ၆၅ သန်းဖိုးခန့် တင်သွင်းနေရခြင်းဖြစ်ရာ ပြည်တွင်း၌ ရော်ဘာအခြေခံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “MSME လုပ်ငန်းတွင် စက်မှုကုန်ကြမ်းသီးနှံ များဖြစ်သည့် ဝါ၊ ဝါး၊ ရော်ဘာနှင့် ကော်ဖီတို့ကို အရည်အသွေး ပြည့်မီသည့် ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေး ပြောကြား ခဲ့ပြီးဖြစ်ကြောင်း၊ ရော်ဘာနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ကြမ်းများ အလုံအလောက်ထွက်ရှိပြီးဖြစ်သဖြင့် နည်းပညာနှင့် အရင်းအနှီးကြီးမားစွာ ဆောင်ရွက်ရန်မလိုသည့် စက်ဘီး၊ ဆိုင်ကယ် တို့တွင် အသုံးပြုသည့် တာယာနှင့်ကျွတ်များ အများအပြား ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း အရည်အသွေးမြင့် ရော်ဘာ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့ရာ အရည်အသွေးမြင့် ရော်ဘာထုတ်လုပ်ရေးနှင့် ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။

 

မြန်မာ့ရော်ဘာစိုက်ပျိုးရေးတွင် အဓိကအားနည်းချက်ဖြစ်သော တစ်ဧကအထွက်နှုန်းနည်းပါးခြင်းနှင့် ရော်ဘာအရည်အသွေး နိမ့်ကျခြင်းတို့အတွက် ရော်ဘာမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ ခေတ်မီ၍စနစ်ကျနသော အစေးလှီးစနစ်နှင့် ရော်ဘာထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ရန် စိုက်ပျိုးရေး ပညာရှင်များက အကြံပြုထားသည်။ သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ရာတွင် ရော်ဘာဈေးနှုန်း ကျဆင်းမှု၊ လုပ်သားရှားပါးမှုနှင့် လုပ်အားခ စရိတ်များမြင့်မားလာမှု၊ အပင်ရောဂါများ ကျရောက်မှု၊ ရာသီဥတု ဖောက်ပြန်မှုတို့အပါအဝင် စိန်ခေါ်မှုများကို ကြုံတွေ့ကြရစမြဲ ဖြစ်ရာ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု ရေရှည်တည်တံ့ရေးအတွက် ကုန်ထုတ်စွမ်းအား စဉ်ဆက်မပြတ် မြင့်မားရေး၊ ရော်ဘာစိုက်ပျိုးလုပ်ငန်းအတွင်းမှ အခြားဝင်ငွေအရင်းအမြစ်များ ဖြစ်ပေါ်လာရေး နှင့် စရိတ်စက လျော့ကျရေးတို့အတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်သွားကြရန်လည်း လိုအပ်သည်။

 

စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာသည် ရော်ဘာဈေးကို သာမက ရော်ဘာပင်အိုများမှ သစ်သားကိုပါရရှိပြီး ပေါင်းတင်ပြုပြင်၍ တန်ဖိုးမြှင့်ပရိဘောဂများ ထုတ်လုပ်နိုင်သည်။ ရော်ဘာစေးကို ကုန်ကြမ်းအဖြစ်အသုံးပြုပြီး လူသုံး၊ အိမ်သုံး၊ စက်မှုလုပ်ငန်းသုံး ကုန်ချောအမယ်ပေါင်းများစွာ ထုတ်လုပ်နိုင်သည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် အလုံအလောက်ရရှိနိုင်သည့် ရော်ဘာကုန်ကြမ်းကို အသုံးပြု၍ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား မြင့်မားရေးတွင် အထောက်အကူ ဖြစ်နိုင်ပါစေကြောင်း။

 

မြန်မာ့အလင်း