နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ကုန်တိုးမြှင့်ရေးသည် အဓိက ဖြစ်သည်။ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်မည့် အလားအလာရှိသည့် ပို့ကုန်များထဲတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းများသည် ဦးစားပေး ကဏ္ဍတွင် ပါဝင်လျက်ရှိသည်။

 

“မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီးဖြစ်သဖြင့် ယခုထက် အရည်အသွေး ပိုမိုကောင်းမွန်သည့် ဆန်နှင့်ပဲများ တင်ပို့နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဂုဏ်သတင်းရှိ ပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန်ရောင်းအား မြှင့်တင်ရန်လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှာစကား ပြောကြားရာတွင် ထည့်သွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မိုးစပါးနှင့် နွေစပါး စုစုပေါင်း ဧက ၁၇ သန်းခန့်ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသည့် ဆန်စပါးများ၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံး၍ ကျန် ၂၀ ရာခိုင်နှုန်းကိုသာ ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ပြည်တွင်းဈေးကွက်အကြိုက် စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ခန့်အပါအဝင် စပါးအမျိုးပေါင်း ၉၀ ကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ရွှေဘိုပေါ်ဆန်းကို “ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice)” အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အရှေ့တောင်အာရှ ဆန်စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံများတွင် အကောင်းဆုံးသော အရည်အသွေးများနှင့် ထိပ်တန်းဆန်များ ကိုယ်စီပိုင်ဆိုင်ထားကြ သည့်အနက် မြန်မာနိုင်ငံသည်လည်း ပါဝင်လာခြင်းဖြစ်သည်။ ထိုင်းမှ စံပယ်နံ့မွှေးသော Hom Mali ဆန်၊ ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor ဆန်၊ ဗီယက်နမ်နိုင်ငံမှ ST24 ဆန်များနည်းတူ မြန်မာနိုင်ငံမှ ရွှေဘိုပေါ်ဆန်းကလည်း ကမ္ဘာ့အကောင်းဆုံးဆန် အဖြစ် ရပ်တည်လာခြင်းဖြစ်ရာ မိမိတို့၏ ဆန်အရည်အသွေးကို မပြတ်မြှင့်တင်နေရန်နှင့် အကောင်းဆုံးဆန်စပါးမျိုးသစ်များ ထပ်မံထွက်ပေါ်လာစေရန်လည်း ကြိုးပမ်းနေကြရမည် ဖြစ်သည်။

 

မူရင်း ပေါ်ဆန်းမွှေးစပါးကို ၁၉၂၂ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ပေါ်ဆန်းစပါးမျိုးများအနက်မှ ပေါ်ဆန်းဘေးကြားစပါးမျိုး အနည်းငယ်ကို ရွှေဘိုဒေသသို့ ယူဆောင်စမ်းသပ်စိုက်ပျိုးရာမှ ထွက်ပေါ်လာခဲ့သော ရွှေဘို ပေါ်ဆန်းစပါးမျိုးသည်ပင် နှစ်ပေါင်း ၃၀ ခန့် ရှိပြီဖြစ်သည်။ ပြည်ပသို့ ဆန်စပါးတင်ပို့ရောင်းချရာတွင် ဈေးနှုန်းဈေးကွက် (Price Market) နှင့် အရည်အသွေးဈေးကွက် (Quality Market) ဟူ၍ရှိရာ အရည်အသွေးကောင်းမွန်သည့် ဆန်စပါးများထုတ်လုပ် နိုင်ရန်နှင့် ခေတ်မီဆန်စက်များဖြင့် နိုင်ငံတကာအဆင့်အတန်းမီဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်သည်။

 

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးမရမီကာလက ဆန်တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိစပါးစိုက်ပျိုးလျက်ရှိသည့် စိုက်ဧကကိုမတိုးချဲ့ဘဲ တစ်ဧကအထွက်နှုန်းကို ပန်းတိုင်အထွက်နှုန်းသို့ ထွက်ရှိလာအောင် စနစ်တကျ အားထုတ် စိုက်ပျိုးခြင်းဖြင့် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံအဖြစ် ပြန်လည်ရပ်တည်လာနိုင်မည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့အရည်အသွေး အကောင်းဆုံးဆန်များ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့်လည်း ကမ္ဘာ့ဆန်အရည်အသွေး ဈေးကွက်တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း