ရန်ကုန်  ၂၈  စက်တင်ဘာ

မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ “တတိယအကြိမ်စားပွဲဝိုင်း ဆွေးနွေးပွဲ” ကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ငွေချေးသက်သေ ခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ၊ ဦးမောင်မောင်ဝင်း ဉီးဆောင်သော ကော်မရှင်အဖွဲ့ ဝင်များ၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ၊ရန်ကုန်စတော့အိပ်ချိန်း ၊ စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေး သက်သေခံ လက်မှတ်ကုမ္ပဏီတို့မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်သံရုံးမှတာဝန်ရှိသူများစုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့ သည့် Japan-Myanmar Joint Meeting တွင်ဂျပန်နိုင်ငံမှတာဝန်ရှိသူများနှင့်ဆွေးနွေး သဘော တူညီချက်အရ ဈေးကွက်အတွင်းရှိနေသည့်စိန်ခေါ်မှုများ ၊ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် Roundtable Meeting ကို(၃)လတစ်ကြိမ် စဉ်ဆက်မပြတ်ကျင်းပခဲ့ရာ ယခုအကြိမ်သည်(၃)ကြိမ် မြောက် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဈေးကွက်ဖွံ့ဖြိုးစေရန်ဆောင်ရွက်မည့် ကာလတို- ကာလလတ်လုပ်ငန်းစဉ်များအပေါ်ဈေးကွက်တွင် ပါဝင်ပတ်သက်ကြသူများ၏ကြိုးပမ်းအားထုတ် ဆောင်ရွက်ရန်လိုအပ်ချက်များ၊ အစိုးရဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊

မကြာသေးခင်ကထုတ်ပြန်ခဲ့သည့်စာရင်းဝင်ကုမ္ပဏီများ၏အစုရှယ်ယာ များကိုနိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုမည့်ကိစ္စနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိရာသက်ဆိုင်ရာ ဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ အစုရှယ်ယာဈေးကွက်ဖွံ့ဖြိုး တိုးတက်ရုံမျှမက ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် Asian Bond Market Initiative (ABMI) မှနည်းပညာအကူအညီရယူ၍ ဆောင်ရွက်ခဲ့ရာ ငွေချေးစာချုပ်ရောင်းဝယ်ရေးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများတွင်အစိုးရငွေတိုက် စာချုပ် ရောင်းဝယ်မှုဆိုင်ရာ Standard Operating Procedure (SOP) ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ အများနှင့် သက်ဆိုင်သောကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်စေရေးအထောက်အကူ ပြုစေရန်International Finance Corporation (IFC) နှင့်ပူးပေါင်း၍ လက်ရှိကုမ္ပဏီများ၏ကော်ပိုရိတ် စီမံအုပ်ချုပ်မှုအကဲဖြတ်မှတ်တမ်း၂၀၁၈ ( Corporate Governance Assessment Report 2018 ) ကိုထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ Organization for Economic Cooperation and Development (OECD) နှင့်ပူးပေါင်း၍ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစည်းမျည်းစည်းကမ်းဆိုင်ရာအမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင် ရန် မူကြမ်းအပေါ်လာမည့်အောက်တိုဘာ လ ၃ ရက်နေ့တွင် အစုရှယ်ယာရှင် ၁၀ဝ နှင့် အထက် အများပိုင်ကုမ္ပဏီများပါဝင်သော Joint Seminar ကျင်းပပြုလုပ်ရန် စီစဉ်ထားပါကြောင်း၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးကြပါရန် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍စားပွဲဝိုင်းဆွေးနွေးပွဲအား အစီအစဉ်အတိုင်းကျင်းပခဲ့ရာ တက်ရောက်လာကြသူများ က မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးရာတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဈေးကွက်တွင် ပါဝင်နိုင်ရန် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာသံရုံးများမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် ဖွဲ့စည်း ထားသည့် စက်မှု/ကုန်သည်အသင်းချုပ်များမှတာဝန်ရှိသူများပါဝင်သော ဆွေးနွေးပွဲများကျင်းပရန်ကိစ္စ၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများဈေးကွက်အတွင်း ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရန် နိုင်ငံခြားသားများမြန်မာ ကျပ်ငွေဖြင့် ငွေချေးသက်သေခံလက်မှတ်စာရင်း ဖွင့်လှစ်ခြင်းကိစ္စ၊ အရင်းအနှီးများပြည်တွင်းသို့ စနစ် တကျစီးဝင်/စီးထွက်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်ရာမှ မြတ်စွန်းငွေအပေါ်ကျသင့် အခွန်ပေးဆောင်ခြင်းကိစ္စတို့အပေါ် တက်ကြွစွာဝိုင်းဝန်းအကြံပြုဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

MDN