အင်္ဂပူမြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးမျိုး‌ ကောင်ရေတစ်သိန်းငါး‌သောင်း မျိုးစိုက်ထည့်ခြင်း

အင်္ဂပူ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်အတွင်း ငါးသယံဇာတများ တိုးပွားပြီး ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရန်နှင့်ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်ငါးလုပ်ငန်းဦးစီး ဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် နိုဝင်ဘာ ၂၆ ရက်နေ့က သဘာဝရေပြင်ဖြစ်သော ဆုံကုန်းကျေးရွာအုပ်စုရှိ ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်း နှစ်လက်မအောက်ခံကောင်ရေ တစ်သိန်းငါးသောင်းအား မျိုးစိုက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ‌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးခြင်းကြောင့် ငါးသယံဇာတများပေါများလာစေပြီး၊ ကျေးလက်နေပြည်သူများ ရေရှည်စားသုံးနိုင်ပြီး ငါးထုတ်လုပ်မှုများ တိုးတက်လာစေနိုင်မည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည် ။

မန်းကျော် - အင်္ဂပူ(ပြန်/ဆက်)