အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၌ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်၊ လူပေါင်း ၂၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

 

ဂျကာတာ   စက်တင်ဘာ   ၁၁

 

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၌ စက်တင်ဘာ ၁၁ ရက်တွင် ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့ရာ လူပေါင်း ၂၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝဘေး လျော့ပါးရေးအေဂျင်စီ ဘီအင်န်ပီဘီက ပြောသည်။

 

အဆိုပါမြေငလျင်သည် ဂျကာတာစံတော်ချိန် နံနက် ၁၁ နာရီ ၁၆ မိနစ်တွင် ဆူမတြားကျွန်း၏ အနောက်ဘက်ရှိ မန်တာဝေကျွန်းစု၌ အနက် ၂၇ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသတွင် ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ မြေငလျင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဆူနာမီဖြစ်လာနိုင်သည့် အန္တရာယ်မရှိကြောင်းလည်း သိရသည်။

 

ယင်းမြေငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် စာသင်ကျောင်းတစ်ကျောင်းနှင့် ကျန်းမာရေးဌာနတစ်ခု ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝဘေး လျော့ပါးရေးအေဂျင်စီ  ဘီအင်န်ပီဘီက ပြောသည်။

 

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အလင်းသစ်