အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတြား၌ ပြင်းအား ၆ ဒသမ သုညအဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် တစ်ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ

 

ဂျကာတာ အောက်တိုဘာ ၃

 

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတြား၌ အောက်တိုဘာ ၁ ရက်က ဖြစ်ပွားခဲ့သည့် ပြင်းအား ၆ ဒသမ သုညအဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် တစ်ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အစိုးရတာဝန်ရှိသူများက အောက်တိုဘာ ၂ ရက်တွင် ပြောကြားသည်။

 

ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ တင်ပို့ထားကြောင်းနှင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ရွှေ့ပြောင်းရမည့်သူများအတွက် ရွှေ့ပြောင်းရေးစခန်းများ ပြင်ဆင်ထားခဲ့သော်လည်း ၎င်းတို့၏ နေအိမ်များရှေ့၌သာ တဲများထိုး၍ နေထိုင်လျက်ရှိကြောင်း မြောက်ဆူမတြားပြည်နယ် သဘာဝဘေး စီမံခန့်ခွဲမှုအေဂျင်စီ အကြီးအကဲ အဗ္ဗဒူလ်ဟဲရစ်လူဘစ်က အောက်တိုဘာ ၂ ရက်တွင် ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။

 

အဆိုပါ ပြင်းအား ၆ ဒသမ သုညအဆင့်ရှိ မြေငလျင်သည် အောက်တိုဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၂၈ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်မူ ဟာရီက ပြောကြားသည်။

 

ယင်းမြေငလျင်လှုပ်ခတ်မှုကြောင့် အဆောက် အအုံများ၊ လမ်းများ၊ တံတားများနှင့် ဆည်မြောင်းများ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်