အင်ဒိုနီးရှား၌ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ၂၀၁၄ နောက်ပိုင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရောက်လာ

 

ဂျကာတာ   အောက်တိုဘာ   ၄

 

အင်ဒိုနီးရှားနိုင်ငံ၌ စက်တင်ဘာလတွင်  ငွေကြေးဖောင်းပွမှုမှာ  ၁ ဒသမ ၁၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း  အင်ဒိုနီးရှားစာရင်းအင်းအဖွဲ့ (ဘီပီအက်စ်) က အောက်တိုဘာ ၃ ရက်တွင် ပြောသည်။ 

 

အင်ဒိုနီးရှားနိုင်ငံ၏ ထိုကဲ့သို့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ရခြင်း အဓိကအကြောင်းရင်းမှာ စက်ဆုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့်ဖြစ်ကြောင်း ဘီပီအက်စ်အဖွဲ့မှ အကြီးအကဲဖြစ်သူ မာဂို ယူယွန်နိုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၌ နှစ်စဉ်ငွေကြေး ဖောင်းပွမှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် ၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

စက်တင်ဘာလနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံ၌ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၌ လူသုံးများသော စက်သုံးဆီ တစ်လီတာလျှင် ၇၆၅၀ ရူပီးယား (အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၀) မှ ၁၀၀၀၀ ရူပီးယား (အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၅) အထိ မြင့်တက်လာကြောင်း သိရသည်။

 

ဆင်ဟွာ