အင်းစိန်မြို့နယ်၌ တစ်ရက်လီတာ(၄၀) အိုးအလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အေက်ဆီဂျင် စက်ရုံသစ်ကို မကြာခင်ဖွင့်လှစ်မည်

ရန်ကုန်  အောက်တိုဘာ  ၁၈

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့်ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံကို အောက်တိုဘာ ၂၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လိုအပ်နေသော ပြည်သူများထံသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပါဝင်အားပေးကူညီမှု လှူဒါန်းငွေ၊ အသင်း၏မတည်ငွေ နှင့် အလှူရှင်အသီးသီးတို့၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံမှ  တစ်နာရီလျှင် (၄၀)လီတာအိုး (၁၀)လုံးခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ တစ်ရက်လျှင် (၄၀)လီတာဝင်အိုးကြီး အလုံး(၂၀၀)ခန့် ထုတ်လုပ်ပေးနိုင်ရန်အတွက် စက်ကြီးအား ပြည်တွင်း/ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက တပ်ဆင်ပြီးစီးပြီးဖြစ်၍ စတင်စမ်းသပ်လည်ပတ်နေပြီ ဖြစ်ကာ  အောက်တိုဘာ ၂၃ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။

 

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)