ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေကောင်းရေသန့်၏ အရေးကြီးပုံများကို အသိပညာပေးရန်၊ ရေအရင်းအမြစ်များကို ရေရှည်စနစ်တကျ အသုံးပြုနိုင်ရေး စီမံခန့်ခွဲမှုများကို အားပေးရန်၊ ကမ္ဘာ့လူဦးရေ၏ သိသာသောအချိုးနှင့် အရေအတွက်တစ်ခုသည် သန့်ရှင်းသည့်ရေ မရရှိသည့် ဒေသများတွင် နေထိုင်ကြရပြီး ရေအခက်အခဲများနှင့် ကြုံတွေ့နေရသည်များကို သတိပြုမိစေရန်၊ ရေအခက်အခဲများနှင့်ပတ်သက်ပြီး ဖြေရှင်းနိုင်ရန်တို့အတွက် လိုအပ်ချက်များကို တွန်းအားပေးရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၀ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် အမှတ်(၆)ဖြစ်သည့် လူတိုင်းလုံခြုံ ဘေးကင်းသန့်ရှင်းသည့် သောက်သုံးရေရရှိနိုင်စေရန် တိုးမြှင့်ဆောင်ရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပလျက်ရှိသည်။
၁၉၉၃ ခုနှစ်မှစတင်၍ ကမ္ဘာ့ရေနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ် ၂၀၂၅ ကမ္ဘာ့ရေနေ့အတွက် အဓိကအကြောင်းအရာဆောင်ပုဒ်မှာ “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” ဖြစ်သည်။ အများပြည်သူတို့အနေဖြင့် နေ့စဉ်လိုအပ်လျက်ရှိသည့် သန့်ရှင်းသော သောက်သုံးရေများ မည်သို့မည်ပုံရရှိကြသည်ကို အကြမ်းအားဖြင့်သာ သိရှိကြပေလိမ့်မည်။ ကန်ရေ၊ မြေအောက်ရေစသည်တို့မျှသာ သိရှိနားလည်ထားကြပြီး သန့်ရှင်းသော သောက်သုံးရေဖြစ်ပေါ်လာခြင်း အရင်းအမြစ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ထားရန် လိုအပ်ပေသည်။ ထို့ကြောင့် သန့်ရှင်းသောသောက်သုံးရေ မည်သို့ဖြစ်တည်လာရခြင်းအကြောင်းကို ယခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်ဖြင့် ညွှန်းဆိုဖော်ပြထားသည်။
ကမ္ဘာပေါ်တွင် ရေထုစုစုပေါင်း၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာများမှ ဆားငန်ရေများဖြစ်ကြပြီး ကျန် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချို များဖြစ်ကြသည်။ သို့သော် ယင်းရေချိုများ၏ ၆၈ ဒသမ ၇ ရာခိုင်နှုန်းသည် ဝင်ရိုးစွန်းရေခဲမြစ်များနှင့် ရေခဲတောင်များတွင် တည်ရှိကြပြီး ကျန်ရေချိုများမှာ တွင်းရေ၊ ကန်ရေ၊ မြေအောက်ရေများဖြစ်ကြသည်။ ထို့ကြောင့် ရေခဲမြစ်များသည် ကမ္ဘာ့ရေချို အရင်းအမြစ်များအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေပြီး ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာတို့အတွက် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် စွမ်းအင် ထုတ်လုပ်နိုင်ရန်အတွက် အဓိကကျသော အရင်းအမြစ်တစ်ခုဖြစ်သည်။
ကမ္ဘာပေါ်တွင်ရှိသည့် ရေခဲမြစ်များ၏ ၉၁ ရာခိုင်နှုန်းသည် အန္တာတိကတိုက်တွင်တည်ရှိပြီး ရှစ် ရာခိုင်နှုန်းခန့်က ဂရင်းလန်းတွင်တည်ရှိသည်။ ကျန်ရှိသည့်တစ်ရာခိုင်နှုန်းခန့်မှာ ဟိမဝန္တာတောင်တန်း၊ အင်န်ဒီးစ်တောင်တန်း စသည့်ဒေသများတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် ရေခဲမြစ်ကို ဖော်ပြနိုင်ရန် အထင်အရှားမရှိသော်လည်း ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ မေခနှင့် မလိခမြစ်တို့၏ အထက်ပိုင်း ဒေသတွင်တည်ရှိသည့် ခါကာဘိုရာဇီတောင်တန်းနှင့် တိဗက်ကုန်းပြင်မြင့်မှ စီးဆင်းလာသည့် ရေခဲမြစ်များသည် ဆောင်းရာသီတွင် အေးခဲနေသော ရေခဲတောင်တန်းများမှ နွေရာသီတွင် စုစည်း ဖြစ်ပေါ်သည့် ရေခဲမြစ်များဖြစ်ကြပြီး ဧရာဝတီမြစ်ရေအဖြစ် တစ်စိတ်တစ်ပိုင်း ဖြစ်ပေါ်လာသည်။
လေ့လာထားသည့်စစ်တမ်းများအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ် ကာလ အတွင်း ရေခဲမြစ်များသည် နှစ်စဉ် ရေခဲတန်ချိန် ၂၆၇ ဘီလီယံခန့်ဆုံးရှုံးခဲ့ပြီး ယင်းဖြစ်စဉ်အရ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု ၂၁ ရာခိုင်နှုန်း ဖြစ်စေခဲ့သည်ဟု သိရသည်။ ဟိမဝန္တာတောင်တန်းဒေသရှိ ရေခဲမြစ်များသည် လွန်ခဲ့သည့် နှစ် ၄၀ အတွင်း အရည်ပျော်နှုန်း သိသိသာသာမြင့်တက်လာခဲ့သည်။ ကမ္ဘာ့အပူချိန်သည် စက်မှုခေတ်မတိုင်မီကအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် မြင့်တက်လာမည်ဆိုပါက ၂၁၀၀ ပြည့်နှစ် မတိုင်မီ ကမ္ဘာ့ရေခဲမြစ်များ၏ တစ်ဝက်ကျော်ခန့် ပျောက်ကွယ်သွား နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ ဟိမဝန္တာတောင်တန်းရှိ ရေခဲမြစ်များထက် ဧရာဝတီမြစ် အထက်ပိုင်းရှိ ရေခဲမြစ်များသည် ထုထည်နှင့် ဧရိယာသေးငယ်မှုကြောင့် ပိုမိုမြန်ဆန်စွာ အရည်ပျော်လျက်ရှိပြီး ၂၁၀၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်၏ ပျမ်းမျှအပူချိန်သည် ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မြင့်တက်လာမည်ဟု ခန့်မှန်းထားကြသည်။
ဧရာဝတီမြစ် အထက်ပိုင်းတွင်ရှိသည့် ရေခဲမြစ်များ လုံးဝပျောက်ကွယ်သွားနိုင်ကြောင်းကို အတိအလင်း ညွှန်းဆိုဖော်ပြနေပြီဖြစ်ရာ မြန်မာနိုင်ငံ၏ အနာဂတ်တွင် ရေချိုအရင်းအမြစ်များ ပျောက်ကွယ်သွားနိုင်ကြောင်းကို သတိပြုမိဖို့လိုသည်။ အနာဂတ်ရေချိုအရင်းအမြစ်များ တည်ရှိမှုကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်း သတိထားရမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရေခဲမြစ်များနှင့် ရာသီဥတုပြောင်းလဲမှုများကို သတိပြုဆင်ခြင်ပြီး အနာဂတ်ရေအရင်းအမြစ် စီမံခန့်ခွဲမှုများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ