အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၁၈ ဒီဇင်ဘာ 

အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Hilton Hotel ၌ ကျင်းပသည်။

 

1528

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်၊ မူဝါဒနှင့် လမ်းညွှန်ချက်များကို ပြဋ္ဌာန်းပြီး စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းသည့် အစားအစာများ ရရှိစေပြီး ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်မှုမရှိစေရေးအတွက် ခေတ်မီဇီဝ နည်းပညာများအး ပွင့်လင်းမြင်သာစွာ အကျိုးရှိရှိ အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း။

 

5282

 

ကမ္ဘာ့နိုင်ငံများနည်းတူ ဇီဝနည်းပညာရပ်များအား အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒများ ချမှတ်ထိန်းကျောင်းနိုင်ရေးမှာ အလွန်အရေးကြီးကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ဗီဇပြုပြင်ထားသည့် မျိုးစေ့၊ စားသောက်ကုန်နှင့် ဗီဇပြုပြင်ထားသည့် ထွက်ကုန်များကို လက်ခံအသုံးပြုလာမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံအတွင်း ဗီဇပြုပြင်သီးနှံများ၊ တိရစ္ဆာန်များ၊ ထုတ်ကုန်များ စသည်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်မှုကဲ့သို့သော စိန်ခေါ်မှုများကို အနှေးနှင့်အမြန် ကြုံတွေ့လာနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် တိုးတက်လာသည့် နည်းပညာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ် အနည်းဆုံးဖြစ်ရေးအတွက် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိပြီး နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီသည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက လက်ရှိရေးဆွဲပြီးစီးပြီးသော ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် ရှေ့ဆက်ဆောင်ရွက်ရန် စီမံထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များက အမျိုးသားဇီဝ လုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြုံပြု ဆွေးနွေးကြသည်။ 

ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗန်းရှင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်ကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး (UNEP) နှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (GEF) တို့၏ အကူအညီဖြင့် ၂၀၀၄ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ထုတ်ပြန်နိုင်ခြင်း မရှိခဲ့သော မူကြမ်းအပေါ် တိုးတက်လာသော နည်းပညာရပ်များနှင့် ဆီလျော်မှုရှိစေရန် ခေတ်ကာလနှင့်အညီ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒမူကြမ်း အလုပ်ရုံဆွေးနွေးပွဲများကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID နှင့် International Service for the Acquisition of Agri-biotech Applications- ISAAA တို့၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များအတွင်း ၄ ကြိမ်ပြုလုပ်ခဲ့ကာ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပဉ္စမမူကြမ်း အတည်ပြုနိုင်ရေး ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်