အမာမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများတွေ့ဆုံပွဲ ကျင်းပ

အမာ ၂၈ ဒီဇင်ဘာ

 

ဖျာပုံခရိုင်၊ အမာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။ တွေ့ဆုံပွဲတွင် လယ်သမားများ အများဆုံးတက်ရောက်ခဲ့ပြီး ယခုနှစ်အတွင်း ရာသီဉတု ဖောက်ပြန်မှုကြောင့့် လယ်ယာမြေများတွင် ရေငန်များဝင်ရောက်ပြီး စပါးများပျက်စီးဆုံးရှုံးခဲ့ကြောင်း တင်ပြခဲ့ကြသည်။

 

လယ်သမားတစ်ဦးဖြစ်သူ ဦးစိုးဝေက ရာသီဥတု မမှန်မှုကြောင့် စပါးအနှံထွက်ချိန်တွင် ရေပြတ်ခဲ့ပြီး အောင်ရေမပေးနိုင်ဘဲ ရေငန်တက်လာသောကြောင့် စပါးအနှံထွက်လာသော်လည်း အဖျင်းများ ဖြစ်ခဲ့ရကြောင်း လယ်သမားများအခက်အခဲကို ကူညီသည့်အနေဖြင့် ရေငန်တားတာများ ဆောက်လုပ်ပေးနိုင်ရေး တင်ပြဆွေးနွေးသည်။

 

ထို့ပြင် လယ်သမား ဦးဇော်ဝင်းကလည်း အမာမြို့နယ်အတွင်း လယ်ဧကတစ်သောင်းခွဲကျော် စိုက်ပျိုးလုပ်ကိုင်နေကြောင်း၊ နိုင်ငံတော်မှ ထုတ်ပေးသည့် စိုက်ပျိုးစရိတ်ငွေများကို လယ်သမား(၈၀၀) ကျော် ချေးယူထားကြောင်း၊ ယခုနှစ်တွင် လယ်ယာပျက်စီးမှုမှာ များပြားသောကြောင့် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးသွင်းရန် အခက်အခဲဖြစ်နေကြောင်း၊ အဓိကအားဖြင့် စပါးဖျက်ပိုးကြောင့် ပျက်စီးရတာနည်းပြီး ရေငန်ကြောင့် ပျက်စီးရခြင်းဖြစ်ကြောင်း၊ ရေငန်တားတာများပြုလုပ်ပေးနိုင်လျှင် ရေချိုထိန်းပြီးသားဖြစ်ပြီး မိုးရေပြတ်ခဲ့သော်လည်း ရေချိုပြန်သွင်းနိုင်ကြောင်းတင်ပြသည်။

 

အခြားလယ်သမားများကလည်း မိမိတို့လုပ်ကိုင်နေသည့် လယ်ဧကနှင့် ဆုံးရှုံးမှုများတင်ပြကြသည်။ အမာမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ဖုန်းက အမာမြို့နယ်အတွင်း လယ်ဧကများစွာ ပျက်စီးခဲ့ပြီး မရိတ်ရသည့် လယ်အများအပြားဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း၊ သီးနှံဖျက်ပိုးအတွက်လည်း အချိန်မီ ပညာပေးပြီး နည်းပညာများပေးခဲ့ကြောင်း၊ ယခုလိုအများဆုံး ပျက်စီးရသည်မှာ ရေငန်ကြောင့်ဖြစ်ကြောင်း၊ ယခုအခါခရိုင်ရုံးမှလည်း ကွင်းဆင်းပြီး ပျက်စီးစာရင်းများ စုဆောင်းနေကြောင်း၊ အချက်အလက်များ ပြည့်စုံလျှင် အဆင့်ဆင့် တင်ပြသွားမည်ဖြစ်ကြောင်း ပြောသည်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က တောင်သူများ၏ တင်ပြချက်များကို မှတ်သားထားပြီး သက်ဆိုင်ရာဌာနများသို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို စိုက်ပျိုးရေးဌာနမှ အချက်အလက်စုံအောင် စုဆောင်းပြီး ဒေသအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် တင်ပြပေးစေလိုကြောင်း၊ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်နိုင်အောင် တင်ပြဆွေးနွေး ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်သူများ တင်ပြသည့် အစုအဖွဲ့ပိုင် စိုက်ခင်းဒီရေတော စိုက်ပျိုးနေမှုများ၊ လက်ရှိဖြစ်နေသည့် အခက်အခဲတင်ပြချက်များကို သစ်တောဌာနနှင့် ပူးပေါင်းပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဒေသခံ ၁၈၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဝင်းမြင့်အောင်(ပြန်ဆက်)