အလုံမြို့နယ်တွင် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန် ၃၁ သြဂုတ်


ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ ဩဂုတ် ၃၀ ရက်၊ မွန်းလွဲ ၁ နာရီချိန်က အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးမျိုးဇော် (စောရန်နောင်) နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုတို့မှ စာရေးဆရာမ ခင်ခင်ထူး၏ နတ်အိုးကွဲဝတ္ထုနှင့် မြိုင်နှင့် ရဂုံဝတ္ထုတို့ကို ဖတ်ကြားသည်။


ထို့နောက် တရားလွှတ်တော်ရှေ့နေ ဦးလှဝင်းက စာရေးဆရာ နေဝင်းမြင့်၏ မီးကင်းစောင့်ဝတ္ထု၏ ရသစာပေအကြောင်းကို ဆွေးနွေးသည်။


ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းပြီး အခမ်းအနားမှာ ညနေပိုင်းတွင် ပြီးမြောက်ကြောင်း သိရသည်။


ကိုတင်မောင်ဦး (အလုံ)