အကန့်အသတ်ရှိသည့် မြေသယံဇာတတန်ဖိုးရှိစွာ အသုံးချနိုင်ရန်လို

 

စိုက်ပျိုးနိုင်သည့် မြေအရင်းအမြစ်များသည် မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေးအခြေခံစီးပွားရေးအဓိက နိုင်ငံတစ်နိုင်ငံအဖို့ အသက်သွေးကြောများပင်ဖြစ်သည်။ အချို့မြေများမှာ စိုက်ပျိုး၍မရ၊ စီးပွားမဖြစ်နိုင်သော မြေများ၊ အချို့ကျတ်တီးမြေများ၊ ကျောက်စရစ်မြေများ စသည်ဖြင့် ရှိနေကြရာ စိုက်ပျိုးနိုင်သည့် မြေ၊ မြေဆီမြေနှစ် ကြွယ်ဝသော မြေမျိုးများမှာ အကန့်အသတ် နှင့်ရှိနေသော မြေအရင်းအမြစ်များဖြစ်သည်။

 

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေ အားလုံး ကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်တို့ ရရှိ လာသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရှိနေသည့် လယ်ယာမြေများပေါ်တွင် ခြံများခတ်၍ အကွက်ရိုက်ရောင်းစားမှုများ၊ လမ်းမကြီးများနံဘေး လယ်ယာမြေများပေါ်တွင် စက်သုံးဆီ အရောင်းဆိုင်များ၊ သိုလှောင်ရုံများ၊ ပုဂ္ဂလိကကျောင်းများ စသည်တို့ အလျှိုအလျှို ပေါ်ပေါက်လာသည်။

 

လယ်ယာမြေကို အရောင်းအဝယ်လုပ်သည့်အခါ ယင်းမြေပေါ်တွင် လယ်ယာလုပ်ပိုင်ခွင့်ကို ရောင်းဝယ်ကြခြင်းသာ ဖြစ်သည့်အတွက် သတ်မှတ်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ခွင့် ရခြင်းသာဖြစ်သည်။ ယင်းမြေကို အခြားနည်းဖြင့် အသုံးချကာ အိမ်များ၊ ဆိုင်များ၊ အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက ဥပဒေနှင့်အညီ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးချခွင့်အား နည်းလမ်းတကျ တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရရှိသည့် အခါမှသာ အသုံးပြုရမည်ဖြစ်သည်။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ချထားပေးမှုသည်လည်း နိုင်ငံစားနပ်ရိက္ခာ နှင့် စီးပွားရေးအတွက် ယုတ်လျော့သွားမည့် အရင်းအမြစ်ဖြစ်သည့် အားလျော်စွာ အကျိုးအရှိဆုံး၊ အကောင်းဆုံးနှင့် အမြော်အမြင်ရှိစွာ အသုံးချခွင့်ပေးမှုသာဖြစ်သင့်ပြီး အဂတိတရားတို့လည်း ကင်းစင်သင့်သည်။ လယ်မြေ၊ ယာမြေ၊ ဥယျာဉ် သီးနှံမြေများအပါအဝင် စိုက်ပျိုးမြေများကို အခြားနည်းသုံးစွဲ မှုများကြောင့် ဒေသအသီးသီးတွင် လျော့နည်းလာလျက်ရှိရာ နိုင်ငံအတွက် စားနပ်ရိက္ခာနှင့် ပြည်ပပို့ကုန်အတွက် ထိခိုက်နိုင်သည့်အပြင် အနာဂတ်တွင် နိုင်ငံအတွက် အရေးကြီး သည့် စီမံကိန်းများ ဖော်ဆောင်ရာတွင်လည်းကောင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင်လည်းကောင်း မြေယာအတွက် အခက်အခဲများ ကြုံတွေ့ရသည်ကို သင်ခန်းစာယူ ရမည်ဖြစ်သည်။

 

နိုင်ငံ၏မြေအရင်းအမြစ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားများ၏ စားဝတ်နေမှု ဖူလုံရေးတို့အတွက် ရေရှည် ရည်မှန်းချက်များ ချမှတ်၍ စီမံခန့်ခွဲသွားရမည့် အကန့်အသတ် ရှိသော အရင်းအမြစ်တစ်ခုဖြစ်သည်။ မြေအရင်းအမြစ်များကို အသုံးချရာတွင် ဥပဒေနှင့်ညီညွတ်ရန် လိုအပ်သကဲ့သို့ အမြော်အမြင်ကြီးစွာဖြင့် စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးကို ညီညွတ်မျှတစွာ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း