အကြမ်းဖက်ရက်စက်မှုများ ဆန့်ကျင်ရှုတ်ချ

မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်နှင့်  ပြည်သူတို့ကို နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ နိုင်ငံအတွင်းရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယခုရက်ပိုင်းအတွင်း  အကြမ်းဖက်သောင်းကျန်းသူများ၏  ရက်စက်ယုတ်မာသော လုပ်ရပ်များကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ကြားသိနေရသည်။

AA သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်းရှိ အစွန်အဖျားမြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးမှုများ ကျူးလွန်လျက်ရှိရာမှ စစ်တွေမြို့ပေါ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးစေရန်၊ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန်၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများနှင့် လူစည်ကားသောနေရာများကို ဒရုန်းဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြရာ အခြေခံအဆောက်အအုံများနှင့် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယား ဆိပ်ကမ်းဈေးအတွင်းသို့လည်းကောင်း၊ မတ်လ ၉ ရက်နေ့ ညပိုင်းတွင် စစ်တွေမြို့ ကသဲရပ်ကွက် အတွင်းသို့လည်းကောင်း၊ မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာအထက် ကျောင်းအနီးသို့လည်းကောင်း၊ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုလည်းကောင်း၊ မတ်လ ၁၆ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းဘက်မှ စစ်တွေမြို့ စက်ရုံစု (၂) ကုန်းဘောင်ရပ်ကွက်အတွင်းသို့ AA သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့ပေါ် မြို့ရွာများအတွင်း ဒရုန်းဗုံးများ၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦးသေဆုံးခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူ နှစ်ဦး အပါအဝင် ဒေသခံပြည်သူ ၄၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အပြင် စာသင်ကျောင်းများ၊ လူနေအိမ်နှင့် ဌာနဆိုင်ရာအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သည်။ တပ်မတော်နှင့်အဖွဲ့အစည်းများက ဒေသခံပြည်သူများကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများကို ရှာဖွေချေမှုန်းလျက်ရှိသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများသည် လူမျိုးစုအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အာဏာရှင်တိုက်ဖျက်ရေးဟု ကြွေးကြော်ကာ ပြည်သူများ၏ နေအိမ်အဆောက် အအုံများ၊ အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သက်သက် တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ မကြာခဏ ပြုလုပ်နေသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ကြားသိနေရသည်။ အဆိုပါသောင်းကျန်းသူများသည် ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ သယံဇာတများ ထုတ်ယူရောင်းချခြင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ် ခြင်းတို့မှ ငွေကြေးအမြောက်အမြားရရှိပြီး လက်နက်လူသူစုဆောင်း၍ တိုက်ခိုက် ဖျက်ဆီးနေခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်အေးချမ်းသာယာဝပြောရေး၊ ပြည်သူများ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာဝပြောမှုကို မရှုဆိတ်မလိုလားနိုင်ဘဲ တိုင်းရင်းသားလူမျိုးအရေး၊ ဒီမိုကရေစီအရေးတို့ကိုအကြောင်းပြ၍ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ်လုပ်ကိုင် ကျူးလွန်နေကြသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအား နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက် သောင်းကျန်းသူများအား ထိထိ ရောက်ရောက် စွန့်လွှတ်စွန့််စား တားဆီးနှိမ်နင်းလျက်ရှိသည်။

AA သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်ကောင်းစားရေးဟု ကြွေးကြော်ပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ကိုင်နေခြင်းသည် အကြမ်းဖက်အဖျက်သမား သက်သက်သာဖြစ်သည်။ စစ်ရေးပစ်မှတ်မဟုတ်သော တည်ငြိမ်အေးချမ်းလျက်ရှိ သည့် မြို့ရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်နေခြင်း၊ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများနှင့် ပညာရေး အဆောက်အအုံများကို တိုက်ခိုက်ခြင်းတို့သည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်သူများဖြစ်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ တိုက်ဖျက်ကြရမည် ဖြစ်ပါကြောင်း။         

ကြေးမုံ