၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone- REZ) အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး သုံးခုတို့တွင် စုစုပေါင်းဧက ၃ ဒသမ ၄ သိန်းကျော်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွား မည်ဟု သိရသည်။

 

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်အစီအစဉ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆောင်ရွက်သည့်အစီအစဉ်ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု export value chain ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့အပြင် REZ အစီအစဉ်မှ တစ်ဆင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်လာစေရေး၊ ကျေးလက်လူနေမှုဘ၀ မြှင့်တင်နိုင်ရေးနှင့် ပြည်ပပို့ကုန် ဆန်စပါး၏ အရည်အသွေးနှင့် အရေအတွက် တိုးတက်လာစေရေးတို့ကို ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

 

REZ အစီအစဉ်အတွက် နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ကူညီပေးမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်များကလည်း စိုက်ပျိုးစရိတ်ချေးငွေများ စီစဉ်ပေးသွားမည်ဖြစ်ရာ အဆိုပါအစီအစဉ်တွင် ပါဝင်သည့် တောင်သူများအား တစ်ဧကလျှင် ငွေကျပ် ၇ ဒသမ ၅ သိန်းနှုန်း ပံ့ပိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေကျပ်သုံးသိန်း၊ ပါဝင်ဆောင်ရွက်မည့် ပြည်ပပို့ကုန် (Exporter) ကုမ္ပဏီမှ ငွေကျပ် နှစ်သိန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းတို့ဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

 

REZ အစီအစဉ်တွင် ပြည်ပပို့ကုန်ကုမ္ပဏီများ၊ တစ်ကွင်းတစ်စပ်တည်း ဧက ၃၀၀ အထက် စိုက်ပျိုးနိုင် သည့် လယ်ယာကုန်ထုတ်သမဝါယမအသင်းများ၊ ကန်ထရိုက်လယ်ယာ ဆောင်ရွက်နေသည့်ကုမ္ပဏီများ၊ တောင်သူလယ်သမားအစုအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းများ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုအဆင့် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် လုပ်ငန်းကြီးကြပ်မှုကော်မတီက မူဝါဒ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စံလုပ်ထုံးလုပ်နည်းများအား အခါအားလျော်စွာ ဆောင်ရွက်ပေးခြင်း၊ ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်အတွက် ရေးဆွဲထားသောစီမံချက်၊ စာချုပ်များအပေါ် လမ်းညွှန်မှုပြုခြင်း၊ ချေးငွေဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ ကိုက်ညီမှုရှိစေရေး ထိန်းကျောင်းကြပ်မတ်ခြင်း၊ Exporter ကုမ္ပဏီနှင့် တောင်သူများအကြား အငြင်းပွားမှုများပေါ်ပေါက်လာပါက ဖြေရှင်းဆုံးဖြတ်ပေး ရေးအပါအဝင် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံမှဆန်ကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဖရိက နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းမှတင်ပို့ခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နေခြင်းဖြစ်ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တစ်နှစ်တာ အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၇၄ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်းအထိ ရရှိခဲ့သည်။

 

REZ အစီအစဉ်သည် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူတို့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး နိုင်ငံ့စီးပွား၊ ရင်းနှီးမြှုပ်နှံသူတို့စီးပွား၊ တောင်သူတို့ စီးပွားများအတွက်ဖြစ်ရာ ပါဝင်ဆောင်ရွက်သူအားလုံးက ကျရာကဏ္ဍအလိုက် အချိန်ကိုက်ကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။ ပြည်ပဈေးကွက်တွင် အခြားဆန်ထုတ်လုပ်သည့် နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ပြီး မြန်မာ့ဆန်အနေဖြင့် ကိုယ်ပိုင်အမှတ်တံဆိပ် ထူထောင်နိုင်သည်နှင့်အမျှ အကျိုးစီးပွားကြီးမားစွာ ဖြစ်ထွန်းနိုင်ကြပါမည့်အကြောင်း။    ။