အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူ ၁၀ ဦး ထပ်မံတွေ့ရှိ ' SARS-Cov-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

ဇန်နဝါရီ  ၁၆

၁။         ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARSCov-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

၂။         ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ (၁၄-၁၂၀၂၂) ရက်နေ့နှင့် (၁၅-၁-၂၀၂၂) ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၁၀) ခုတွင် အတည်ပြု တွေ့ရှိခဲ့ရပါသည်။

၃။         အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၅) ဦးနှင့် နိုင်ငံခြားသား(၃)ဦးမှာ Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများ ဖြစ်ကြပါသည်။

၄။ ကျန်မြန်မာနိုင်ငံသား (၂)ဦးမှာ (၁၃-၁-၂၀၂၂) ရက်နေ့တွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် မိသားစုဝင်များ ဖြစ်ပါသည်။

၅။ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များနှင့် အနီးကပ် ထိတွေ့သူများအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့်ဆောင်ရွက် လျက်ရှိပါသည်။ ၆။ သို့ဖြစ်ပါ၍ ကျန်းမာရေး ဝန်ကြီးဌာနအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန