အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း လျော်ကြေးလက်ခံရယူခြင်းမရှိသေးသော ထိခိုက် နစ်နာသူများနှင့်  တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း

ဘားအံ  ၁၈  ဒီဇင်ဘာ

 

အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေဖြင့်ဆောင်ရွက်သော အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် လျော်ကြေးလက်ခံရယူသေးခြင်းမရှိသော ထိခိုက်နစ်နာသူများနှင့် ပြည်နယ်အဆင့် မြေယာလျော်ကြေး ပေးအပ်ရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ တွေ့ဆုံညှိနှိုင်သည့်အစည်းအဝေးကို ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် က ကရင်ပြည်နယ်၏ အခြေအနေကို ခြုံငုံသုံးသပ်ကြည့်ပါက အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မတူညီကြောင်း၊ အခြားဒေသများတွင်  ကားလမ်း၊ မီးရထားလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းတို့ကို အသုံးပြု၍ သွားလာနိုင်သော်လည်း မိမိတို့ပြည်နယ်တွင် မော်တော်ကားလမ်းတစ်ခုတည်းကိုသာ အဓိကထား သွားလာနေရကြောင်း၊ စားဝတ်နေရေး၊အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးအတွက် နယ်ခြားကို ဖြတ်သန်းသွားသော ယခု အိန္ဒု-ကော့ကရိတ်လမ်း တစ်လမ်းသာရှိကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းပိုင်း မြန်မြန်ဆန်ဆန် ပြီးစီးသွားပါက မိမိတို့ပြည်နယ်အတွက် တိုးတက်မှုကြီးတစ်ခုရှိလာမှာဖြစ်ကြောင်း၊ နိုင်ငံပေါင်း (၄)နိုင်ငံခန့်ကို ဆက်သွယ်ဖြတ်သန်းသွားသည့် အာရှလမ်းမကြီးဖြစ်သည့်အတွက် လမ်းဘေး ဝဲယာတွင် နေထိုင်ကြသည့် ဒေသခံများကိုလည်း အကျိုးပြုမှာဖြစ်ကြောင်း၊ မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး စီးပွားရေးတောင့်တင်းလာစေရန်မှာ ပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်ရှိသကဲ့သို့ ယခုအစည်းအဝေးသို့ တက်ရောက်လာသူများတွင်လည်း တာဝန်ကိုယ်စီ ရှိကြသည့်အတွက် တက်နိုင်သမျှပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တစ်ဦးချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆို၍ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက် သွားကြရန် တိုက်တွန်း လိုကြောင်း အမှာစကား ပြောကြားသည်။

 

520

 

ထို့နောက် ပြည်နယ်အဆင့် မြေယာလျော်ကြေးပေးအပ်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာက မြေယာလျော်ကြေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်အဆင့် မြေယာလျော်ကြေး ပေးအပ်ရေး ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင် လမ်းဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသောင်းဟန်စိုးက မြေယာလျော်ကြေးတိုင်းတာ တွက်ချက်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် လျော်ကြေးလက်ခံရယူခြင်းမရှိသေးသော ကော့ကဒါ၊ သာယာကုန်း၊ ဝဲကရင်၊ ကျုံစောင့်၊ ကျားကလေး၊ ဒူရိန်၊ ခရဲ(ကမ်းနား)၊ မနီကုန်း၊ ရိုးမဟာနှင့် တံတားကျိုး ကျေးရွာတို့မှ အိမ်ထောင်စု(၇၇) စုတို့က မိမိတို့၏ လူနေအိမ်၊ ဥယျာဉ်ခြံမြေ၊ လယ်ယာ၊ သီးနှံနှင့် အဆောက်အဦများအပေါ် လျော်ကြေးပေးအပ်မှုနှင့် စပ်လျဉ်း၍ မရှင်းလင်းသည်များ၊ သိရှိလိုသည် များနှင့် ၎င်းတို့၏ ဆန္ဒသဘောထားများကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက အနီးစပ်ဆုံး ပေါင်းစပ်ညှိနှိုင်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ လမ်းပိုင်း အဆင့်မြှင့်တင်ရေးစီးမံကိန်းတွင် ထိခိုက်နစ်နာသူများအား လေးကြိမ်တိတိ မြေယာလျော်ကြေး ပေးအပ်ခဲ့ပြီး ယခုအကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း၊ ထိုသို့ ပေးလျော်ရာ တွင် ADB ၏ နှုန်းထားများအတိုင်း လူနေအိမ်ခြံမြေကို တစ်ပေပတ်လည်လျှင် ငွေကျပ် ၁၇၀ဝ၀ (တစ်သောင်းခုနှစ်ထောင်နှုန်း)၊ လယ်တစ်ဧကလျှင်  ငွေကျပ် ၅၆ သိန်းနှုန်း၊ ဥယျာဉ်ခြံမြေတစ်ဧကလျှင် ၁၉၈ သိန်းနှုန်းနှင့် သီးနှံပင်များကိုလည်း အမျိုးအစားအလိုက် နှုန်းထားများ တွက်ချက်၍ လျော်ကြေးငွေ ပေးအပ်ခဲ့ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ စီမံကိန်းများတွင် ပေးအပ်ခဲ့သည့်လျော်ကြေးငွေ များအနက် ယခုနှုန်းထားသည် အများဆုံးပေး လျော်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)