အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ ဒုတိယအများဆုံးနိုင်ငံဖြစ်လာ

၇ စက်တင်ဘာ

 

အိန္ဒိယနိုင်ငံဟာ  ဘရာဇီးနိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူများလာတဲ့အတွက် ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု  ဒုတိယအများဆုံးနိုင်ငံဖြစ်လာကြောင်း  ဒီနေ့ (တနင်္လာနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ကုစားရန်အတွက် ဗိုင်းရပ်စ်ပိုးကူးစက်သူ များနေပေမယ့် မြေအောက်ရထားလိုင်းတွေကအစ ပြန်ဖွင့်နေတာကိုလည်း တွေ့ရပါတယ်။

 

အိန္ဒိယနိုင်ငံမှာ လက်တလော သီတင်းပတ်တွေအတွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုရဲ့ ဗဟိုချက်ဖြစ်လာတာကို တွေ့ရပါတယ်။ လူဦးရေထူထပ်တဲ့ အိန္ဒိယနိုင်ငံမှာ တနင်္လာနေ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉၁,၀၀၀ နီးပါး တွေ့ရှိရပါတယ်။ ဒီပမာဏဟာ ကမ္ဘာမှာ တစ်ရက်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးနေ့ဖြစ်တာကို တွေ့ရပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၄ ဒသမ ၂ သန်းကျော်ခဲ့တဲ့အတွက် ဘရာဇီးနိုင်ငံထက် များသွားတာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆ ဒသမ ၂၅ သန်းရှိတဲ့အတွက် ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးအများဆုံးတွေ့ရှိတဲ့ အမေရိကန်နိုင်ငံရဲ့နောက်မှာ ရှိနေပါတယ်။

 

ကမ္ဘာမှာ  ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၇ သန်းနီးပါးရှိပြီး သေဆုံးသူအရေအတွက်ဟာလည်း ၈၈၀,၀၀၀ ကျော်တာကို တွေ့ရပါတယ်။

 

မြို့တော် နယူးဒေလီမှာ ပြေးဆွဲနေတဲ့ မြေအောက်ရထားလိုင်းတွေကလည်း ဒီနေ့ပြန်ဖွင့်တဲ့အတွက် လိုက်ပါစီးနင်းသူတွေအား တစ်ခုံကျော်မှာထိုင်ရန် တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

 

ကပ်ရောဂါပိုးကြောင့် သေဆုံးသူအများဆုံးဟာ အမေရိကန်နိုင်ငံဖြစ်ပြီး လူပေါင်း ၁၈၈,၀၀၀ ဖြစ်ပြီး ဒုတိယအများဆုံးမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး ၁၂၆,၀၀၀ ရှိပါတယ်။ တတိယအများဆုံး နိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီး သေဆုံးသူ ၇၁,၀၀၀ ဦး သေဆုံးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP