အီရန်နိုင်ငံတွင် ထိန်းသိမ်းခံထားရသော ကိုရီးယားသမ္မတနိုင်ငံ ရေနံတင်သင်္ဘောပေါ်ရှိ မြန်မာသင်္ဘောသားများကိစ္စ

(၉-၁-၂၀၂၁၊ နေပြည်တော်)

 

၁။ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် DM Shipping Co., Ltd ကုမ္ပဏီပိုင် Hankuk Chemi ရေနံတင်သင်္ဘောအား ၄-၁-၂၀၂၁ ရက်နေ့တွင် အီရန်ဟော်မုဇ် ရေလက်ကြားတွင် အီရန် လက်နက်ကိုင် တော်လှန်ရေး အစောင့်တပ်များမှ ဖမ်းဆီးခဲ့ရာတွင် ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် သင်္ဘောသားများနှင့်အတူ မြန်မာသင်္ဘောသား (၁၁) ဦး ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် စပ်လျဉ်း၍ ၈-၁-၂၀၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ အခြေစိုက် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် (အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်ခြင်းခံရသူ) သည် အိန္ဒိယနိုင်ငံ အခြေစိုက် အီရန်သံအမတ်ကြီးအားလည်းကောင်း၊ ယင်းနေ့တွင်ပင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ အခြေစိုက် မြန်မာသံအမတ်ကြီး၊ ဦးမျိုးမြင့်သန်းသည် ထိုင်းနိုင်ငံအခြေစိုက် အီရန်သံအမတ်ကြီးအား လည်းကောင်း သွားရောက် တွေ့ဆုံခဲ့ကြပါသည်။ ထို့သို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုရှိသည့် ဆက်ဆံရေးကို ထောက်ရှုလျက် မြန်မာသင်္ဘောသား (၁၁)ဦးအား ဆောလျင်စွာ ပြန်လည် လွှတ်ပေးနိုင်ရေးနှင့် ၎င်းတို့အား ကူညီစောင့်ရှောက်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံခဲ့ကြပါသည်။

 

၂။ အီရန်သံအမတ်ကြီးများက သင်္ဘောသားများအားလုံး၏ လုံခြုံမှုကို အီရန်နိုင်ငံဘက်မှ အပြည့်အဝ တာဝန်ယူပါကြောင်း၊ သင်္ဘောသားများကို Bandar Abbas ဆိပ်ကမ်းမြို့၌ ကောင်းမွန်စွာ ထိန်းသိမ်းထားပါကြောင်း၊ ၎င်းတို့၏ မိသားစုဝင်များနှင့်လည်း ဆက်သွယ် ခွင့်ပြုထားပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံလျက် မြန်မာသင်္ဘောသားများ ပြန်လည် လွှတ်ပေးရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ မေတ္တာရပ်ခံချက်အား အီရန်အစိုးရထံ ဆောလျင်စွာ တင်ပြပေးသွားမည်ဟု ပြန်လည် ပြောကြားခဲ့ပါသည်။

 

၃။ ကိုရီးယားသမ္မတနိုင်ငံအစိုးရသည်လည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး ဖြေရှင်းရန်အတွက် ၁၀-၁-၂၀၂၁ ရက်နေ့တွင် အထူးကိုယ်စားလှယ် အဖွဲ့အား အီရန်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

 

Crd> Ministry of Foreign Affairs Myanmar