နေပြည်တော်  အောက်တိုဘာ ၁၀

 

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဉီးဇော်ဝင်း နှင့် အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Royal Orchid Sheraton Hotel & Towers တွင် အောက်တိုဘာ ၉ ရက်မှ ၁၀ ရက်အထိကျင်းပသော South East Asia Parties Against Corruption (SEA-PAC)၏ (၁၅)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စရပ် များ အပေါ် ပိုမိုထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သောအလေ့အထများ မျှဝေနိုင်ရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေးနယ်ပယ်တို့တွင် ရှေ့ဆက်ဆောင်ရွက်မည့် (SEA-PAC) ၏ ၂၀၂၀−၂၀၂၂ လုပ်ငန်းအစီအစဉ်အားချမှတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီးအစည်းအဝေးသို့ SEA-PAC အဖွဲ့ဝင်နိုင်ငံ(၁၀) နိုင်ငံမှ ကိုယ်စားလှယ် များပါဝင်တက်ရောက်ခဲ့ကြသည်။

 

ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့မှု၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Units -CPUs)များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်သည့် လုပ်ငန်းများအပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

 

(သတင်းစဉ်)