အောင်ကောင်းမာန်၊ စည်သူအောင်နှင့် ငြိမ်းချမ်းအောင်တို့ ထိုင်းကလပ်များတွင် ကစားမည်

မြန်မာဘောလုံးသမားများဖြစ်သည့် အောင်ကောင်းမာန်၊ စည်သူအောင်နှင့် ငြိမ်းချမ်းအောင်တို့မှာ ထိုင်းကလပ်များတွင် ကစားမည်ဖြစ်ပြီး အသင်းပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်။

ယင်းကစားသမားများအနက် အောင်ကောင်းမာန်နှင့် ငြိမ်းချမ်းအောင်တို့မှာ ထိုင်းကလပ်အသင်းအချင်းချင်း ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး စည်သူအောင်မှာမူ ထိုင်းကလပ်သို့ တစ်ကျော့ပြန်ပြောင်းရွှေ့ကစားခြဲ့ခင်းဖြစ်သည်။ ထိုင်းလိဂ်-၂ ကလပ် အူဒုံထာနီအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်ကောင်းမာန်သည် ထိုင်းလိဂ်-၁ ကလပ် ချောင်ဘူရီအသင်းနှင့် တစ်ရာသီခွဲ စာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် အောင်ကောင်းမာန်သည် ယခုရာသီဝက်တွင် ချောင်ဘူရီအသင်း၌ ကစားခွင့်ရမည်မဟုတ်ဘဲ ထိုင်းလိဂ်-၂ ကလပ် Customs United အသင်းတွင် အငှားသွားရောက်ကစားမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် MNL ကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် အမှတ်ပေးချန်ပီယံဆုရခဲ့သည့် တောင်ပံတိုက်စစ်ကစားသမား စည်သူအောင်သည် ထိုင်းလိဂ်-၂ ကလပ် အယုဒ္ဓယယူနိုက်တက်အသင်းတွင် ရာသီဝက်စာချုပ်ဖြင့် သွားရောက်ကစားမည်ဖြစ်သည်။ စည်သူအောင်သည် ၂၀၁၉ ခုနှစ်က ထိုင်းလိဂ်-၁ ကလပ် ချောင်ဘူရီအသင်းတွင် ကစားဖူးပြီး တစ်ရာသီကစားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ထိုင်းလိဂ်-၂ ကလပ် နာခွန်ဆီအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်မှာလည်း ထိုင်းလိဂ်-၃ ကလပ် မြောင်ထရန်ယူနိုက်တက်အသင်းတွင် သွားရောက်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-အူဒုံထာနီအသင်း