ရန်ကုန် ဇွန် ၂၅
မြန်မာ့လက်ရွေးစင်အသင်းသည် ဇူလိုင်လနောက်ဆုံးပတ်တွင် စတင်ကျင်းပမည့် ၂၀၂၆ အာဆီယံဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် ရက်ပိုင်းကြာ လေ့ကျင့်မှုရပ်နားပြီး အာဆီယံဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းက ဆက်လက်ကိုင်တွယ်နေပြီး ပဏာမကစားသမား ၃၀ ဝန်းကျင်ဖြင့် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဖလားပြိုင်ပွဲမတိုင်မီ ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းပွဲကစားရန် စီစဉ်ထားကြောင်း အာဆီယံဒေသတွင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။
၂၀၂၆ အာဆီယံဖလားပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (B) တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအနက် မလေးရှား၊ လာအိုအသင်းတို့နှင့်ပွဲများကို အိမ်ကွင်း၊ ဖိလစ်ပိုင်၊ ထိုင်းအသင်းတို့နှင့်ပွဲများကို အဝေးကွင်းကစားရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF


