နေပြည်တော်  ဒီဇင်ဘာ ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ရုံးအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံစီမံကိန်း ရေးဆွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (ASEAN Project Development Training for Myanmar) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ Programme Cooperation and Project Management Division မှ သင်တန်းဆရာ၊ ဆရာမများ၊  အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ လုပ်ငန်းအစုအဖွဲ့များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှဝန်ကြီးရုံး၊ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ သင်တန်းသား၊ သင်တန်းသူများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဉီးစွာ ဒုတိယဝန်ကြီးဒေါ်နုမြဇံက ယခုသင်တန်းသည် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာ၌ တာဝန်ခံမှုနှင့် ရေရှည်တည်တံ့မှုကို အလေးပေးသည့် ရလဒ်-အခြေခံစီမံခန့်ခွဲမှုအပေါ် ဗဟိုပြုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် ဒေသတွင်းလိုအပ်ချက်များကို ဖြေရှင်းရာ၌ အကျိုးသက်ရောက်မှုရှိသော ရလဒ်များကို ဆောင်ရွက်ရာတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည့် အာဆီယံပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အဆိုပြုလွှာပုံစံများအား လေ့လာရမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းမှရရှိသည့် ဗဟုသုတများနှင့် အတွေ့အကြုံများသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရုံသာမက အာဆီယံအသိုက်အဝန်းကိုလည်း ပိုမိုကျယ်ပြန့်စွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသား အားလုံးသည် သင်တန်းကာလ တစ်လျှောက်လုံးတွင် လက်တွေ့ဆောင်ရွက်မည့် လေ့ကျင့်ခန်းများနှင့် ဆွေးနွေးမှုများတွင် တက်ကြွစွာ ပါဝင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ 

သင်တန်းကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ Programme Cooperation and Project Management Division မှ သင်တန်းဆရာ၊ ဆရာမများက လာရောက်ပို့ချပေးခြင်းဖြစ်ပြီး အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်အောက်ရှိ လုပ်ငန်းအစုအဖွဲ့များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ သင်တန်းသား၊ သင်တန်းသူ (၄၃) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်