နေပြည်တော် ဖေဖော်ဝါရီ ၁၅
(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်သူများစိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားများပြားခဲ့သည်။
ယနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အပြင် ရပ်ဝေးရပ်နီးမှ ပြည်သူများပွဲတော်သို့လာရောက်လည်ပတ်မှု တစ်ရက်ထက်တစ်ရက်များပြားခဲ့သည့်အတွက် ထပ်တိုးကျင်းပသည့် ရက်ဖြစ်သည်နှင့်အညီ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များနှင့် MSME ဆိုင်ရာ ထုတ်ကုန်များ၊ ယာဉ်နှင့်ဆိုင်ကယ်အရောင်းပြခန်းများ၊ ဆီကုန်သည်များအသင်းအရောင်းပြခန်း၊ စက်မှုဝန်ကြီးဌာနအရောင်းပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနပြခန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာပြခန်းများ၊ လုပ်ငန်းစီးပွား ချိတ်ဆက်မှုပြခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာအရောင်းဆိုင်ခန်းများ၊ သမဝါယမထုတ်ကုန်များ အသင်းအရောင်းပြခန်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်ပေးနေသည့် ပြခန်းတို့တွင် လေ့လာသူ၊ ဈေးဝယ်သူ၊ လုပ်ငန်းချိတ်ဆက် ဆောင်ရွက်သူများဖြင့် အထူးစည်ကားများပြားခဲ့သည်။
ထိုသို့ ပွဲတော်သို့လာရောက်ကြသည့် ပြည်သူများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ပြခန်းများနှင့် ဝန်ကြီးဌာနပြခန်းများအလိုက် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာကြိုဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ချက်များနှင့် ဒေသအလိုက် ရိုးရာအစားအစာများ၊ MSME ထုတ်ကုန်များအကြောင်းကို ပြည့်စုံစွာ ရှင်းလင်းပြသပေးကြသည်။
ထို့အပြင် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက်ထွက်ရှိသည့် MSME ထုတ်ကုန်များနှင့်တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားရိုးရာအစားအသောက်များကိုလည်း လတ်ဆတ်စွာဖြင့် ရောင်းချပေးလျက်ရှိရာ နှစ်ခြိုက်စွာစားသုံးကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ရသည်။
ညပိုင်းတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ်စိတ်နှင့်ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများကို မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများပျော်ရွှင်စွာဖြင့် တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ ပြပွဲနှင့်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်တွင်လည်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာမျှဝေမှုများ၊ လုပ်ငန်းများအလိုက်ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နည်းများကို အသိပညာပေးဆွေးနွေးမျှဝေပေးမှုများ၊ ဈေးကွက်စီးပွားရေးလိုအပ်ချက်များကို အနာဂတ်နည်းပညာများအသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ဗဟုသုတအကြောင်းအရာများဖြင့် ကဏ္ဍစုံမျှဝေသွားမည်ဖြစ်ရာ မိဘပြည်သူများ လက်မလွှတ်တမ်းလာရောက်လေ့လာနိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
သတင်း- အေးအေးသန့်၊ ကျော်စွာဝင်း
ဓာတ်ပုံ - ထိန်နန်နော်