(၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော သာရဏီယဩဝါဒကထာ

 

 

{၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် (၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်)တနင်္ဂနွေနေ့}

 

(၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲသို့ ဝင်ရောက်ဖြေဆို အောင်မြင်တော်မူကြသည့် ပိဋက နှစ်ပုံခွဲ ရေးဖြေအောင် မူလအဘိဓမ္မကောဝိဒ တစ်ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင် ဒီဃနိကာယ ကောဝိဒ တစ်ပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒ ခုနစ်ပါး၊ ဝိနည်းရှေ့ပိုင်း ရေးဖြေအောင် ဥဘတောဝိ ဘင်္ဂကောဝိဒ ၁၁ ပါးတို့နှင့်တကွ နိုင်ငံတော်အစိုးရ အမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်းတို့အား ဝမ်းမြောက်ဖွယ်ရာ အမှတ်ရဖွယ်ရာဖြစ်သော သမ္မောဒနီယ သာရဏီယ သြဝါဒကထာ မြွက်ကြားလိုပါသည်- ဧကပုဂ္ဂလော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇန သုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမော ဧကပုဂ္ဂလော တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ အစရှိသည်ဖြင့် (အံ၊ ၁၊ ၂၁) ၌ မိန့်ကြားတော်မူသည်။

 

ရဟန်းတို့ လောက၌ တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်ထွန်းပေါ်ပေါက်လာသည်ရှိသော် လူအများ အစီးအပွားအလို့ငှာ လူအများ ချမ်းသာခြင်းငှာ၊ လောကကို အစဉ်သနား စောင့်ရှောက်ခြင်းငှာ၊ နတ်လူတို့၏ အကျိုးများရန် အစီးအပွားများရန် ချမ်းသာခြင်းငှာ ဖြစ်ထွန်းပေါ်ပေါက်တော်မူ၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အလုံးစုံ သောတရားတို့ကို မဖောက်မပြန် ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားပင်တည်း။

 

ဤလောကသား လူအများသည် ဆင်းရဲကို ဆင်းရဲမှန်းမသိ၊ ဆင်းရဲကြောင်း အလုပ်များကို လုပ်နေ၍လည်း ဆင်းရဲကြောင်း အလုပ်တွေပဲဟူ၍ မသိကြ၊ ကုသိုလ် အကုသိုလ်မှန်းလည်း မသိမမြင်နိုင် ကြပေ။ လောကကြီးသည် မောဟအမှောင်ဖုံးနေ သည့် အမိုက်တိုက်လောကကြီးဖြစ်သည်။ အဝိဇ္ဇာ အမှောင်ထုကြီးဖုံးနေသည့် လောကကြီးထဲမှာ မြတ်စွာဘုရားရှင် ပွင့်တော်မူလာသဖြင့် ဤတရား ကား အပြစ်မရှိ ချမ်းသာသောအကျိုးကိုပေးခြင်း လက္ခဏာရှိသည့် ကုသိုလ်တရားဖြစ်၏။ ဤတရားကား အပြစ်နှင့်တကွဖြစ်ပြီး ဆင်းရဲသောအကျိုးပေးခြင်း လက္ခဏာရှိသည့် တရားဖြစ်၏ စသည်ဖြင့် ဟောကြားတော်မူခဲ့သည်။

 

ထို့ပြင်လည်း ဤသဘောတရားများသည် ဧကန်စင်စစ် ဆင်းရဲသောသဘောတရားများပဲ၊ ဤတရားများသည် ဆင်းရဲကြောင်း အမှန်တရားများပဲ၊ ဤတရားများသည် ဆင်းရဲချုပ်ရာ ချမ်းသာမှန် တရားပဲ၊ ဤတရားများသည် ဆင်းရဲချုပ်ရာ ချမ်းသာသောသဘောတရားကို ဆိုက်ရောက်စေနိုင်သည့် အမှန်တရားပဲ စသည်ဖြင့် သစ္စာလေးပါး တရားတော်ကို ဟောကြားတော်မူလိုက်သဖြင့် အချို့သော ဝေနေယျ သတ္တဝါများမှာ အဝိဇ္ဇာအမှောင် လုံးဝကင်းရှင်းပြီး ဝိဇ္ဇာအလင်းရောင်ကောင်းကောင်း ရသွားကြပေသည်။ အချို့သောသတ္တဝါတွေမှာ ဝိဇ္ဇာအလင်းရောင် ကောင်းကောင်း ရသော်လည်း အဝိဇ္ဇာအမှောင်နည်းပါးကာ ရေးရေးယောင်ယောင် မြင်လာတတ်ကြပေသည်။ ဒါကြောင့် မြတ်စွာဘုရားရှင် ပွင့်တော်မူလာခြင်းဟာ နေမင်းကြီး၊ လမင်းကြီး ထွက်ပေါ်လာသလိုဖြစ်ပြီး ကြာမြင့်စွာသော ကာလ ပတ်လုံး လူ နတ် ဗြဟ္မာ သတ္တဝါတို့ စီးပွားချမ်းသာဖို့ ဖြစ်ပါပေသည်။

 

မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် တရားတော်များကို ရတနာခြင်းတောင်းထဲ၌ သဘောတူရာ စုပေါင်း၍ ထည့်လိုက်လျှင် ဝိနည်း သုတ္တန်၊ အဘိဓမ္မာ၊ ပိဋကတ်ဟူ၍ ပိဋကသုံးပုံ ဖြစ်လာသည်။ ဤပိဋကတ်တရားမြတ်တို့ကို သင်ယူအပ်သောကြောင့် ပရိယတ္တိဟု ခေါ်သည်။ ပိဋကတ်သုံးပုံလာ တရားဓမ္မတို့ကို သိရှိမှတ်မိအောင် ကျက်ဆောင် သင်ယူခြင်းကိုလည်း ပရိယတ္တိဟု ခေါ်သည်။

 

ဤပရိယတ္တိတရားတော်များက ရှောင်ကြဉ်ရန် နည်းလမ်း၊ ကျင့်ကြံရန်နည်းလမ်း၊ နှလုံးသွင်းသိရှိ လိုက်နာရန် နည်းလမ်းများကို ညွှန်ကြားထားပါသည်။ ပရိယတ္တိတရားတော်က ညွှန်ကြားသည့်အတိုင်း လိုက်နာကျင့်ကြံ ပွားများခြင်းကို ပဋိပတ္တိဟု ခေါ်ပါသည်။ ပဋိပတ္တိအစွမ်းကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် အသိထူးများ ရရှိသွားခြင်းကို ပဋိဝေဓ ဟုခေါ်သည်။ ထို့ကြောင့် သာသနာတော်သုံးရပ်တွင် ပရိယတ္တိသည် အခြေခံမူလပဓာနကျပါသည်။ သစ်ပင်ကြီးတစ်ပင်မှာ အမြစ်မရှိလျှင် ပင်စည်အကိုင်းအခက်များ အကြာအရှည် မတည်နိုင်သကဲ့သို့ အပွင့်အသီးများလည်း ဝေဝေဆာဆာမရှိနိုင်ပါ။ ထို့အတူ သာသနာတော် သုံးရပ်မှာလည်း ပရိယတ္တိ မှမရှိလျှင် ပဋိပတ္တိသာသနာ ပဋိဝေဓသာသနာတို့ သည်လည်း မတည်ရှိနိုင်ပါ။

 

ရေကန်ကြီးဥပမာနှင့် ပြောရမည်ဆိုပါက ကန်ပေါင်ရိုးသာမရှိလျှင် ရေကန်ထဲမှာရှိသည့် ရေများ၊ ကြာများသည် ကြာကြာ မတည်နိုင်ပါ။ ရေမရှိလျှင်လည်း ကြာပင် ကြာပန်းများ မပေါက်ရောက် နိုင်ပါ။ ဤဥပမာအတိုင်း ပရိယတ္တိက ကန်ပေါင်ရိုး နှင့် တူပါသည်။ ပဋိပတ္တိက ရေနှင့် တူပါသည်။ ပဋိဝေဓက ကြာပင်ကြာပန်းများနှင့် တူပါသည်။ ထို့ကြောင့် ပဋိပတ္တိဆိုသည့် ရေကြည်ရေအေးများ၊ ပဋိဝေဓဆိုသည့် ကြာပင်ကြာပန်းများနှင့် လှပတင့်တယ်ပြီး တည်ရှိနေဖို့ဆိုသည်မှာ ပရိယတ္တိ ဆိုသည့် ကန်ပေါင်ရိုးကြီး ခိုင်ခိုင်ခံ့ခံ့ရှိဖို့ လိုအပ်ပါသည်။

 

ကန်ပေါင်ရိုးကြီးကတော့ ခိုင်ခိုင်ခံ့ခံ့ရှိပါ၏။ သို့သော် ကန်ထဲ၌ ရေလည်းမရှိ၊ ကြာပင်လည်း မရှိလျှင် ခြောက်သွေ့နေသည့် ရေကန်ကြီးသည် တင့်တင့်တယ်တယ် မရှိသည့်အတွက်ကြောင့် မည်သူမျှလည်း စိတ်ဝင်စားမှုမရှိ၊ ရေကိုလည်း မချိုးရ၊ မသောက်ရသဖြင့် အကျိုးမရှိသကဲ့သို့ ထို့အတူ ကန်ပေါင်ရိုးနှင့်တူသည့် ပရိယတ္တိ တစ်ခုတည်းသာရှိမည်ဆိုလျှင် ပဋိပတ္တိဆိုသည့် ရေကြည်ရေအေးလည်း မသောက်ရ၊ ပဋိဝေဓ ဆိုသည့် ကြာဖူးကြာပန်းများလည်း မပွင့်နိုင်သည့် အတွက် သာသနာတော်ကြီးဟာလည်း တင့်တယ်စွာ တိုးပွားစည်ပင်နေမည်မဟုတ်ပေ။

 

ထို့ကြောင့် (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးကို ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြသည့် အရှင်မြတ်များအား ရေများတည်တံ့ဖို့ ကန်ပေါင်ရိုးကြီးကို ခိုင်ခိုင်ခံ့ခံ့ရှိအောင် ကြာပွင့် ကြာပန်းများနှင့် လှပဝေစည်တင့်တယ်နေအောင် ဆက်လက်ကြိုးစားအားထုတ်ကြဖို့ သတိပေး တိုက်တွန်းစကား လျှောက်ထားလိုပါသည်ဘုရား။

 

သာသနာတော်ကို ထောက်ပံ့လှူဒါန်းကြသည့် နိုင်ငံတော်အစိုးရနှင့်တကွ ဒါယကာ ဒါယိကာမ အပေါင်းတို့ကတော့ ဥယျာဉ်မှူးနှင့် တူပါသည် ဘုရား။ ဥယျာဉ်မှူးသည် သစ်ပင်များကို ရေမလောင်းဘဲ ရေပြတ်​အောင်ထားလျှင် သစ်ပင်များမှာ ညှိုးနွမ်းခြောက်သွေ့သွားပြီး ရေကို အဆမတန် လောင်းပြန်လျှင်လည်း ရေဓာတ်များပြီး သေသွား တတ်ပါတယ်ဘုရား။

 

ထိုနည်းတူစွာပင် သာသနာတော်ကို ထောက်ပံ့ရာမှာ ရေပြတ်သည့် သစ်ပင်များလိုလည်း မဖြစ်ရအောင်၊ ရေဓာတ်များပြီး သေသွားသည့် သစ်ပင်များကဲ့သို့ မဖြစ်ကြရလေအောင် ပြုစုထောက်ပံ့ပါက မြတ်စွာဘုရားရှင်သာသနာတော်မြတ်ကြီး အရှည်ခံ့၍ တည်တံ့ကာ ဆရာဒကာ ညီညာလက်တွဲ၍ ဆင်းရဲ ဆုံးရာ ချမ်းသာအမှန် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက် နိုင်ကြပါစေဟူ၍ ပတ္ထနာပြုရင်း သြဝါဒကထာကို နိဂုံးချုပ်အပ်ပါသတည်း။ ။