(၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား စစ်တွေမြို့၌ကျင်းပ 

စစ်တွေ  ၁၆   ဒီဇင်ဘာ 

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့်(၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ သာလီစွရခိုင်ပြည်နယ် ယိမ်းအကဖြင့် တင်ဆက်ကပြပြီးဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ (၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဖတ်ကြားပြီး စစ်တွေတက္ကသိုလ်၊ မြန်မာစာဌာနမှ ကထိက ဦးဇော်ဝင်းနိုင်က ရခိုင်ပြည်နယ်နေ့ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ဟောပြောသည်။

 

a

 

ဆက်လက်၍ ၂၀၁၉၊ ခုနှစ် (၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့နှင့်ပတ်သက်ပြီး ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခံရသူများ၊ စာပေထူးချွန်ဆုရရှိသူများ၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲနှင့် ဝတ္ထု(ပုံပြော)ပြိုင်ပွဲများတွင်ဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆုများအသီးသီးပေးအပ်ချီမြှင့်ပေးကြသည်။ 

 

a

 

ယင်းနောက် ရခိုင်ပုံပြောပြိုင်ပွဲ တွင် ကျီးဖြူရွာ ဝတ္ထုဖြင့် ပထမဆုရရှိသော စစ်တွေမြို့အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှ Grade-6 ကျောင်းသား မောင်ရဲဝဏ္ဏလင်းက ဟောပြောပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိကြသူများနှင့်အတူမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဦးမြသန်း၊ ပြည်နယ် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများ၊ စာရေးဆရာများ၊ ထူးချွန်ဆုရရှိကြသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်းသိရသည်။

ထို့အတူ ယနေ့နံနက် ၅ နာရီခွဲတွင် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီး များအား ပင့်ဖိတ်ကာ စစ်တွေမြို့ခိုင်သဇင်ခန်းမ၌ အာရုဏ်ဆွမ်းကပ်လှူခြင်း၊ လှူဖွယ် ဝတ္ထုများဆက် ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်များ နာကြားခြင်း တို့ကိုကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)