မကြာသေးမီရက်ပိုင်းအတွင်းက လူမှုကွန်ရက်တွင် ထုတ်လွှင့်ခဲ့သည့်   တေးသီချင်းဗီဒီယို တစ်ပုဒ်နှင့် စပ်လျဉ်း၍ မြန်မာ့တူရိယာဗုံနှင့် ပတ်စများကို ပြက်ရယ်ပြုစော်ကားသည့်သဖွယ် သရုပ်ပျက် ကပြဖျော်ဖြေခြင်း၊   ညစ်ညမ်းသည့်အဓိပ္ပာယ် ပေါက်စေနိုင်သည့် အဓိပ္ပာယ်နှစ်ခွစာသားများဖြင့် ဖန်တီးထားခြင်းဟူသည့် အချက်တို့အပေါ် ဝေဖန်သုံးသပ်မှုများစွာ ထွက်ပေါ ခဲ့သည်။ အခြားလူမှုကွန်ရက် ဗီဒီယိုတစ်ပုဒ်တွင်လည်း မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးရှေ့တွင် မြန်မာမင်းသမီးဝတ်စုံဖြင့် အနောက်တိုင်း ခေတ်ပေါ်အကပုံစံ  လိင်အသားပေးလှုပ်ရှား ကပြ  ထုတ်လွှင့်ခဲ့သည့်အပေါ် ဝေဖန်မှုတို့စုံလင်စွာထွက်ပေါ်ခဲ့သည်။ တစ်ဆက်တည်းမှာပင်နိုင်ငံခြားရောက် မြန်မာတို့၏ ကာလ၊ ဒေသနှင့် မလျော်ကန်သော အနေအထိုင်အပြုအမူများကြောင့် မြန်မာလူမျိုးများအား အလုပ်အကိုင်ပေးအပ်မှုအပေါ် ကန့်သတ်လာမှုများ၊ အချို့နေရာများတွင် “မြန်မာလူမျိုးမဝင်ရ ဟူ၍ပင် စာရေးသားချိတ်ဆွဲ တားဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

 

အထက်ဖော်ပြပါ သတင်းအချက်အလက်အချို့က မြန်မာလူမျိုးတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုအပေါ် လေးစားမြတ်နိုးတန်ဖိုးထားတတ်ကြရန် လိုအပ်နေသကဲ့သို့ မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်သွားလာကြရာတွင်လည်း ယဉ်ကျေးရည်မွန်မှု (Etiquette) တို့ကို ဂရုပြုကျင့်သုံးကြရန် လိုအပ်နေကြောင်း ပြဆိုနေခြင်းပင်ဖြစ်သည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့မှာ မြင့်မားသည့် ကိုယ်ပိုင်ယဉ်ကျေးမှု ခံ့ခံ့ညားညား၊ ထည်ထည်ဝါဝါရှိပြီးဖြစ်သလို နေ့စဉ် လူမှုဘဝများတွင်လည်း မည်သို့နေ၊ မည်သို့ထိုင်၊ မည်သို့ဖြေ၊ မည်သို့စား စသည်ဖြင့် အသေးစိတ် ဆိုဆုံးမထားခဲ့သည်။ Etiquette များ ရှေးနှစ်ရာပေါင်းများစွာကတည်းကပင် ရှိခဲ့ပြီးဖြစ်သလို မြန်မာ့လူ့ဘောင်တွင်လည်း အစဉ်အဆက်ကျင့်သုံး ခဲ့ကြသည်။ လူမှုစနစ်များ၊ လူမှုပတ်ဝန်းကျင်များ ပြောင်းလဲ ခြင်းနှင့်အတူ ယဉ်ကျေးမှုသည်လည်း လိုက်ပါပြောင်းလဲရန်သာဖြစ်ပြီး ခေတ်ကာလ၊ နေရာဒေသတို့နှင့် လျော်ညီစွာ ကျင့်သုံးကြရန်ဖြစ်သည်။ အထူးသဖြင့် ယဉ်ကျေးရည်မွန်မှု (Etiquette) ဆိုသည်မှာ မိမိကြောင့် သူတစ်ပါးအနှောင့်အယှက် မဖြစ်စေရန်နှင့် လိုအပ်ပါက ဖေးမကူညီသည့် လောကဝတ်ပြုမှုပင်ဖြစ်သည်။

 

ထို့အပြင် ယဉ်ကျေးမှုဟူသည် လူတစ်ဦးချင်းကိုရော နိုင်ငံနှင့် လူမျိုးတို့ကိုပါ ကိုယ်စားပြုနေသည့် ဝိသေသလက္ခဏာ (Identity) ဖြစ်သည်ကို သတိချပ်ကြရန်လိုသည်။ ၂၁ ရာစုတွင် ပထဝီနိုင်ငံရေး (Geopolitics) က အရေးကြီးလာပြီး ပထဝီနိုင်ငံရေးတွင် စစ်ရေး၊ စီးပွားရေးနှင့်အတူ ယဉ်ကျေးမှုကိုလည်း တောင့်တင်းခိုင်မာအောင် တည်ဆောက်ထားဖို့လိုသည်ဟု ပညာရှင်များက ပြောထားသည်။ မိမိတို့က ယဉ်ကျေးမှုကို ပေါ့ပေါ့ဆဆ သဘောထားနေကြချိန်တွင် ယဉ်ကျေးမှုသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာကြီးတည်ငြိမ်ရေးအတွက်ပါ အရေးပါသည့် အခြေအနေသို့ ရောက်ရှိနေသည်။ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကိုပင်လျှင် ယဉ်ကျေးမှုချင်း တိုးတိုက်သည့် ပဋိပက္ခများ အဖြစ် ရှုမြင်ကြပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုတစ်ခုနှင့် တစ်ခုကြား တူညီသည့်အချက်ကို ရှာဖွေကာ ငြိမ်းချမ်းရေးကို ရှေးရှုကြရန် ဆောင်ရွက်လာကြသည် အထိ ယဉ်ကျေးမှုက အရေးပါလာသည်။

 

မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများက နိုင်ငံကိုအဘက်ဘက်မှ အားနည်း ဆုတ်ယုတ် စေသည်။ အနာဂတ်တွင် နိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးတို့အရ အင်အား ကြီးမားအောင် တည်ဆောက်ရာတွင် ယဉ်ကျေးမှုကိုလည်း ချန်လှပ်ထား၍မရသည့်အလျောက် ယဉ်ကျေးမှုအင်အား ခိုင်မာတောင့်တင်းအောင် တည်ဆောက်နေရသည်။ လူတစ်ဦးမွေးသည်မှ သေသည်အထိ ဘဝရှင်သန်စဉ်တစ်လျှောက်လုံးတွင် မိမိနှင့် မိမိဝန်းကျင်တွင်ရှိနေသော ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုတို့ကို အလေးအနက် တန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်ကြ ရပါမည့်အကြောင်း။

 

မြန်မာ့အလင်း