နေပြည်တော် ဩဂုတ် ၁
၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး တွဲဖက်အထက်တန်း ကျောင်း (၈၅)ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး စိုက်ပျိုးရေးဘာသာရပ်ကို KG+10 ကျောင်းသား ကျောင်းသူ(၁၃၂၄)ဦး နှင့် KG+11 ကျောင်းသား ကျောင်းသူ (၉၂၀) စုစုပေါင်း (၂၂၄၄)ဦး သင်ယူလျက်ရှိကြသည်။
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် ဇူလိုင် (၃၁)ရက် ညနေပိုင်းတွင် လယ်ဝေးမြို့နယ် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး တွဲဖက်အထက်တန်း ကျောင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံကာ စိုက်ပျိုး မွေးမြူရေး ဘာသာရပ်နှင့်ပတ်သက်၍ ဤ,သည် မရွေ့ ကျက်မှတ်ဖြေဆိုရန် မလိုအပ်ပဲ အခြေခံအနေဖြင့် လက်တွေ့လေ့လာပြီး ဖြေဆိုနိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းတွင် စာတွေ့လက်တွေ့ လေ့လာသင်ယူခဲ့မှုများကို မိဘလက်ငုတ် လယ်ယာလုပ်ငန်း၌ အသုံးချဆောင်ရွက်ခြင်း၊ ကိုယ်ပိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်ပြီး လယ်ယာစီးပွား လုပ်ငန်းရှင်များ အဖြစ်ဆောင်ရွက်ခြင်း၊ အစိုးရဌာနများ စိုက်ပျိုးရေးကုမ္ပဏီများ မျိုးစေ့ကုမ္ပဏီများတွင် ပညာရှင်ဝန်ထမ်းများ အဖြစ်ဆောင်ရွက်ခြင်း စသည်ဖြင့် နယ်ပယ်စုံ ကဏ္ဍစုံတွင် အောင်မြင်စွာရပ်တည်နိုင်ကြစေရန် ရည်ရွယ် သင်ကြား ပေးခြင်းဖြစ်သကဲ့သို့ ထူးချွန်မှု အလိုက် သိပ္ပံကျောင်းများနှင့် ဘွဲ့ကြို ဘွဲ့လွန် ပါရဂူတန်းအထိ ပေါက်မြောက်အောင်မြင်အောင် ဆက်လက်ကြိုးပမ်းနိုင်ကြသည့် အခွင့် အလမ်းကောင်းများစွာ ရှိနေခြင်းကြောင့် ကျောင်းသားကျောင်းသူများ အနေဖြင့်အားထုတ် ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဇံ နှင့်အတူ စာသင်ခန်းများ၊ လက်တွေ့ဆောင်များ၊ လက်တွေ့စိုက်ကွင်းများကို ကြည့်ရှုအားပေးကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


