မကွေး ၂၁ သြဂုတ်
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ကုန်သွယ်ခွန်ကောက်ခံမှုကို ၂၀၁၄ ခုနှစ်တွင် စားသောက်ဆိုင်များ၊ ၂၀၁၇ ခုနှစ်တွင် ရွှေဆိုင်များ၌ စတင်ကျင့်သုံးခဲ့ပြီး မိုဘိုင်းဖုန်းဆိုင်များ၌ ၂၀၁၉ ခုနှစ်တွင် စတင်ကျင့်သုံးရာ ဇူလိုင်လတစ်လထဲ၌ပင် နိုင်ငံတော်အတွက် မိုဘိုင်းဖုန်း ကုန်သွယ်ခွန် ကျပ်သိန်းပေါင်းနှစ်သိန်းသုံးသောင်းကျော် ကောက်ခံရရှိခဲ့သည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။
မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် ဖုန်းအသစ်ဝယ်ယူခြင်းနှင့် ဆားဗစ်ဆိုင်များတွင် ပြင်ဆင်သည့်အခါ လိုအပ်သည့် ပစ္စည်းဝယ်ယူခြင်းများအပေါ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ကုန်သွယ်ခွန်ပေးဆောင်ရမည်ဖြစ်ပြီး ကုန်သွယ် ခွန်ပမာဏမှာ ပစ္စည်းတန်ဖိုး၏ ၂၁ပုံ တစ်ပုံဖြစ်ကြောင်း မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ကျွန်တော်တို့နိုင်ငံမှာတော့ ကုန်သွယ်ခွန်။ အခြားနိုင်ငံတွေမှာကတော့ VAT ( Value Added Test) ပေါ့။ ဒီအခွန်ကို ကုန်သွယ်မှုလုပ်တဲ့သူတွေက ပေးဆောင်ရတာမဟုတ်ပါဘူး။ သွယ်ဝိုက်ခွန် တစ်ခုအနေနဲ့သွားတာ ဖြစ်တဲ့အတွက် နောက်ဆုံးသုံးစွဲတဲ့ End User က ပေးဆောင်ရတာ ဖြစ်ပါတယ်။ တစ်သိန်းတန်ပစ္စည်းတစ်ခုကို ဝယ်တယ်ဆိုရင် တစ်သိန်းရဲ့ ၂၁ ပုံ တစ်ပုံကို ကုန်သွယ်ခွန်ဆိုပြီး ပေးဆောင်ရပါတယ် ” ဟု မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း ၊ ဒုတိယဥက္ကဌ (မူဝါဒ ရေးရာကော်မတီ ဥက္ကဌ) ဦး အောင်ကိုကိုညီ က ရှင်းပြသည်။
“ မိုဘိုင်းဖုန်း အရောင်းဆိုင်တွေအတွက်ကတော့ ကုန်သွယ်ခွန်ကပ်တာအဆင်ပြေတယ်။ ဆားဗစ်ဆိုင်တွေကျတော့ အပိုပစ္စည်းဆိုလည်း တစ်နိုင်တစ်ပိုင်လေး ဝယ်သုံးတာဖြစ်တဲ့အတွက် ဝန်ဆောင်ခအပေါ်မှာ ထောင်ဂဏန်း၊ သောင်းဂဏန်းလောက် ပစ္စည်းလေးကို ကုန်သွယ်ခွန်ဆောင်ရမှာ အဆင်မပြေဘူးလို့ သိရတယ် ” ဟု မိုဘိုင်းဖုန်းဆိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်က ဆိုသည်။
၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေ၌ ကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်းတို့အတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ရငွေကျပ်သိန်း ၅၀ဝ ထက်မပိုလျင် ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ခြင်းမပြုရ ဟု ဖော်ပြပါရှိသည်။
ဖုန်းဆိုင်များ၌ အခွန်တံဆိပ်ခေါင်းမကပ်ဘဲ ရောင်းချပါက သက်ဆိုင်ရာမြို့နယ်များရှိ ပြည်တွင်းအခွန်များဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး ပထမအကြိမ် ၂ သိန်း ၊ ဒုတိယအကြိမ် ၅ သိန်း ၊ တတိယအကြိမ် ၇ သိန်း ဒဏ်ငွေရိုက်သွားမည်ဖြစ်ကြောင်း ၊ တတိယအကြိမ်ကျော်လျင် တစ်ကြိမ်ကျော်တိုင်း ၁၀ သိန်း ဒဏ်ရိုက်မည်ဖြစ်ပြီး တိုင်ကြားသူကို ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်အခွန်များဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း(မကွေးတိုင်း)၏ အခွန်ဆိုင်ရာအသိပညာပေးပွဲ နှင့် သင်းလုံးကျွတ် အစည်းအဝေးပွဲတစ်ခုကို သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းက မကွေးမြို့ ၊မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ဖုန်းဆိုင်လုပ်ငန်းရှင်များ ၊ ဆားဗစ်လုပ်ငန်းလုပ်ကိုင်သူများက မရှင်းလင်းသည်များကို မေးမြန်းခဲ့ကြောင်း ၊ မြို့နယ်အခွန်ဦးစီးမှူး က အခွန်ဆိုင်ရာအရေးယူမှုတွင် ရောင်းချသည့်ဆိုင်များနှင့် နားလည်မှုယူထားပါက မည်သို့ဆောင်ရွက်မည်ကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုယ်တိုင် ထ၍မေးမြန်းခဲ့ပြီး အခွန်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


