(၁၈)ကြိမ်မြောက် ဟိန္ဒူမိသားစုဝင်များ ဆီမီး(၅၀ဝ၀)ပူဇော်ပွဲကို ကျိုက်ထီးရိုးစေတီတော်တွင် ကျင်းပမည်

ရန်ကုန် ၁၉  ဒီဇင်ဘာ 

(၁၈)ကြိမ်မြောက် ဟိန္ဒူမိသားစုဝင်များ၏ ဆီမီး(၅၀ဝ၀)ပူဇော်ပွဲကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဇန်နဝါရီ ၁၈ ရက် (စနေနေ့) ညနေ ၄နာရီခွဲ အချိန်တွင် ဟိန္ဒူဓလေ့ထုံးတမ်းနှင့်အညီ ပူဇော်ကျင်းပသွားမည်ဖြစ်ရာ အလှူရှင်များနှင့် လိုက်ပါလိုသူများ ဇန်နဝါရီ ၁၃ရက်မတိုင်မီ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ပူဇော်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

“ကျိုက်ထီးရိုးစေတီတော်ကြီးက တစ်နိုင်ငံလုံးမှာဆို အထင်ကရ အင်မတန်မှထူးခြားတယ်၊ ဟိန္ဒူမိသားစုဝင်တွေအနေနဲ့ ဘုရားဖူးခရီးစဉ်လည်း ဖြစ်သွားအောင် ကိုမောင်သိန်း သူ့ကားတစ်စီးနှစ်စီးနဲ့ကစတင်ခဲ့ရာမှ တဖြည်းဖြည်းများလာတာပါ၊ သွားတဲ့အခါ ဟိန္ဒူလူမျိုးပဲဖြစ်ဖြစ် ကိုးကွယ်ယုံကြည်သူတွေပဲဖြစ်ဖြစ် လိုက်လို့ရပါတယ်၊ ရန်ကုန်ကနေ မနက် ၅ နာရီစထွက်မယ်၊ ကင်ပွန်းစခန်းရောက်ရင် သက်သတ်လွတ် ထမင်းကျွေးမယ်၊ ဘုရားပေါ်ရောက်တော့ ညနေပိုင်းမှာ ဆီမီး၅၀ဝ၀ပူဇော်မယ်၊  သက်သတ်လွတ်ဒံပေါက် ကျွေးမယ်၊ အနီးနားကရွာလေးတွေကိုလည်း ဘုရားဖူးတွေကို လည်းကျွေးဖို့ စီစဉ်ထားပါတယ်၊ ဒီနှစ်ကားက ၄၅ ယောက်စီး ဘတ်စ် ၂၅ စီးလောက်နဲ့ဆို လူ၁၂၀ဝ-၁၅၀ဝ လိုက်မယ်လို့ ခန့်မှန်းထားပါတယ်၊ အခြားနယ်မြို့တွေက ကျောက်တံခါးမြို့၊ မော်လမြိုင်၊ သထုံမြို့က ကိုယ့်အစီစဉ်နဲ့ လာတာလည်းရှိတယ်၊ သူတို့အတွက် စားဖို့လည်းစီစဉ်ထားပေးတယ်၊ ခရီးစရိတ်ကတော့ သူတို့စုပေါင်းလာတဲ့ အတိုင်းပါ၊ ဆီမီးကို ကျွန်တော်တို့က နှစ်လသုံးလကတည်းကကြိုလောင်းထားပါတယ်၊ ကိုယ့်အစီစဉ်နဲ့လာတဲ့သူတွေ တခြားဘုရားဖူးတွေအနေနဲ့ ဆီမီးဝယ်လှူမယ်ဆိုက ဆီမီးတစ်ရာကို ကျပ်နှစ်သောင်းပါ၊ အဲဒီကနေကင်ပွန်းစခန်းနားက ဆိတ်ဖူးတောင် မိဘမဲ့ကျောင်းကို တစ်နေ့တာအလှူ သွားရောက်လှူဒါန်းမယ်၊ ကင်ပွန်းစခန်းနားမှာ မနှစ်ကတည်ခဲ့တဲ့ ထိုင်တော်မူဘုရားရယ် ဉာဏ်တော်အမြင့်ဆုံးထဲပါပဲ၊ လမ်းမှာ ပဲခူးမြို့ ရွှေသာလျောင်းဘုရားရယ် သုံးနေရာလောက်ဖူးဖို့ ကားဆရာတွေကိုရပ်နားဖို့ စီစဉ်ထားပါတယ်” ဟု စည်းရုံးရေးမှူး ကိုကျော်သန်းဝင်းက ပြောသည်။

အသွား/အပြန် ကားလက်မှတ်ခအပါဝင် စရိတ်မှာ ၁၃၅၀ဝိကျပ် ဖြစ်ပြီး လိုက်ပါပူဇော်လိုသူများအနေဖြင့် ရန်ကုန်မြို့တွင်း စုရပ်များအသီးသီး သတ်မှတ်ထားရာ အလုံမြို့နယ်၊ ဆင်မင်းဈေးရှေ့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာ့အာမခံရုံးရှေ့၊ ဗိုလ်အောင်ကျော်လမ်း (အောက်)ရှိ မဟတ္တမဂန္ဓီခန်းမဆောင်ရှေ့ နှင့် ဗိုလ်အောင်ကျော်လမ်း(လယ်)ရှိ သျှရီသျှရီဒူရ်ဂါဘာရီ ဘုရားကျောင်း တို့တွင် စုပေါင်းကားထွက်ခွာမည်ဖြစ်၍ S.K.P Chandran ဝ၉၅၀ဝ၆၅၄၄၊ ကိုမောင်သိန်း ဝ၉၈၆၄၁၃၀၄၊ ကိုဆ(ရ်)ဝမ်း ဝ၉၅၁၀၈၅၄၁၊ ကိုဘာဘူလေး ဝ၉၅၁၉၂၁၆၅၊ ကိုဟရီးယား ဝ၉၇၃၂၄၂၅၃၃၊ ကျော်သန်းဝင်း(ခ) Rajesh ဝ၉၂၅၄၂၂၂၃၃၊ ဝ၁-၃၈၅၃၉၆ တို့သို့ ဆက်သွယ်နိုင်သည်။

သန့်ဇင်ဝင်း