ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပေး

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်မံ၍ ရက်တိုးမြှင့်သတ်မှတ် ထုတ်ပြန်ထားသည့် ပြည်သူများသို့ ထုတ်ပြန်ကြေညာသည့် ပန်ကြားချက်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် ဧပြီ ၁၉ ရက် ညနေ ၄ နာရီက ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး ကြော်ငြာခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းတွင် ယာယီဈေး ဖွင့်လှစ်ရောင်းချ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် မြို့မစည်ပင်သာယာဈေးမှ ဥပုသ်ဈေးတွင် ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်နေမှုကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယာယီဈေးအဖြစ် ဧပြီ ၂၀ ရက် နံနက်က စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ကသာမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ယာယီဈေးအတွင်း စားသောက်ကုန်များ စနစ်တကျ စတင်ရောင်းချ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မြို့နယ်ရှိ မြို့မဈေးကြီး၊ သီရိခေမာဈေး၊ ဘူတာပျံကျဈေးနှင့် ပတ္တမြားဈေးများကို ဧပြီ ၂၀ ရက်နေ့မှ ဧပြီလကုန်အထိ ယာယီပိတ်သွားမည်ဖြစ်ပြီး အဆိုပါဈေးများပိတ်ချိန်တွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအနေဖြင့် စားသောက်ကုန်များ အဆင်ပြေစွာ အဆက်မပြတ် ဝယ်ယူရောင်းချနိုင်ရန်အတွက် ကသာမြို့ရှိ မီတာ ၂၀ဝ ပြည်သူ့ အားကစားကွင်းနှင့် ပတ္တမြားရပ်ကွက်ရှိ အားကစားကွင်းတို့တွင် ယာယီပျံကျဈေးအဖြစ် အစားထိုး ဖွင့်လှစ်ပေးခဲ့ရာ ဈေးသည်များအနေဖြင့် မိမိတို့၏ စားသောက်ကုန်များကို ဧပြီ ၂၀ ရက်နေ့က အဆိုပါဈေးအတွင်း စတင်ရောင်းချလျက်ရှိသည်။
ကျောင်းကုန်းမြို့မဈေးကြီး ဧပြီလကုန် အထိ ယာယီပိတ်သိမ်းသွားမည်
ကျောင်းကုန်းမြို့မဈေးကြီးတွင် အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်နှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပအခြားပစ္စည်းများ ရောင်းချသည့်ဆိုင်များအားလုံး ယနေ့ မွန်းလွဲမှစ၍ ဧပြီလကုန်အထိ ယာယီပိတ်သိမ်းသွားမည်
မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်ကင်းရှင်းစေရန် ပိုးသတ်ဆေးဖျန်း
မိဘပင်စင်စားများ ပင်စင်လစာငွေ လာရောက်ထုတ်ယူသည့်အခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်ကင်းရှင်းစေရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားဘဏ်၌ ပိုးသတ်ဆေးဖျန်းခြင်းကို ဧပြီ ၂၀ ရက် နံနက် ၇ နာရီက ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထီးလင်း၌ ကိုရိုနာဗိုင်းရပ်စ်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး နှာခေါင်းစည်းများ အခမဲ့ ဝေငှတပ်ဆင်ပေး
လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင်         ဧပြီ ၁၉ ရက် ညနေ ၄ နာရီက ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့ ဗိုလ်ချုပ်လမ်းမကြီး နေရာ၌ ခရီးသွားပြည်သူများနှင့် ရပ်ကွက်နေ လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဝေငှတပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။
စေတုတ္တရာမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လျှပ်စစ်မီတာခများ စနစ်တကျ ကောက်ခံပေးသွင်းလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်လျှပ်စစ်ရုံးတွင် လျှပ်စစ်မီတာခများအား စနစ်တကျကောက်ခံပေးသွင်းလျက်ရှိကြောင်း  သိရသည်။