ကသာမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ယာယီဈေးအတွင်း စားသောက်ကုန်များ စနစ်တကျ စတင်ရောင်းချ

ကသာ    ၂၀   ဧပြီ    

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မြို့နယ်ရှိ မြို့မဈေးကြီး၊ သီရိခေမာဈေး၊ ဘူတာပျံကျဈေးနှင့် ပတ္တမြားဈေးများကို ဧပြီ ၂၀ ရက်နေ့မှ ဧပြီလကုန်အထိ ယာယီပိတ်သွားမည်ဖြစ်ပြီး အဆိုပါဈေးများပိတ်ချိန်တွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအနေဖြင့် စားသောက်ကုန်များ အဆင်ပြေစွာ အဆက်မပြတ် ဝယ်ယူရောင်းချနိုင်ရန်အတွက် ကသာမြို့ရှိ မီတာ ၂၀ဝ ပြည်သူ့ အားကစားကွင်းနှင့် ပတ္တမြားရပ်ကွက်ရှိ အားကစားကွင်းတို့တွင် ယာယီပျံကျဈေးအဖြစ် အစားထိုး ဖွင့်လှစ်ပေးခဲ့ရာ ဈေးသည်များအနေဖြင့် မိမိတို့၏ စားသောက်ကုန်များကို ဧပြီ ၂၀ ရက်နေ့က အဆိုပါဈေးအတွင်း စတင်ရောင်းချလျက်ရှိသည်။

အဆိုပါယာယီဈေးအတွင်း စားသောက်ကုန်များ ရောင်းချချိန်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအနေဖြင့် Mask နှင့် လက်အိတ်များ သုံးစွဲပြီး ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိနှင့် ဈေးရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဈေးသည်များအတွက် Mask များ ပေးဝေခဲ့ကြသည်။     ထို့ပြင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် ဈေးရောင်းချသူများ သိရှိလိုက်နာရမည့် အချက်များကို အသိပညာပေးကြေညာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း စသည့်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မီတာ(၂၀ဝ)ပြည်သူ့အားကစားကွင်းယာယီဈေးတွင် ဈေးသည် ၃၇၆ ဦးနှင့် ပတ္တမြားအားကစားကွင်း ယာယီဈေးတွင် ဈေးသည် ၁၀၆ ဦး ရှိကြောင်း သိရှိရသည်။

ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် ယာယီဈေးဖွင့်မည့်နေရာများတွင် အမှိုက်များ ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ဈေးဝင်ပေါက် ထွက်ပေါက်များတွင် လက်ဆေးဘေစင်များထားရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်ဗီနိုင်းများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဧပြီ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါယာယီဈေးတွင် ဈေးရောင်းရန်နေရာအနေဖြင့် (၆)ပေအကွာဈေးကွက်ပေါင်း(၃၇၆)ကွက်၊ (၁၂)ပေရှိ လူသွားလမ်း၊ ပေ(၂၀)ရှိ အဓိကလမ်းများ သတ်မှတ်ပေးပြီး ဈေးသူ/သားများအတွက် သန့်စင်ခန်းများ၊ အမှိုက်များစွန့်ပစ်နိုင်ရန် အမှိုက်ကန်များ၊ ဈေးအတွင်း ရေရရှိနိုင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ထားရှိကြောင်း၊ ယာယီဈေးကို ဧပြီ ၂၀ ရက်နေ့မှ ဧပြီလကုန်အထိ ဖွင့်လှစ်ရန်စီစဉ်ထားရှိပြီး နေ့စဉ် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဈေးရောင်းချခွင့်ပြုထားကြောင်း၊ ဈေးသိမ်းချိန်တွင် ယာယီဈေးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲအောင်(ကသာ)