ဖာပွန် ၉ သြဂုတ်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is Medicine) EMI အစီအစဉ်အရ ခန္ဓာကိုယ်အလေးချိန်၊ အရပ် ထိန်းညှိပေးခြင်း Body Mass Index(BMI) လေ့ကျင့်ခန်းများကို ခရိုင်၊မြို့နယ်ရဲတပ်ဖွဲ့နှင့်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ သြဂုတ် ၈ ရက်နေ့ ညနေ ၃ နာရီမှ စတင်ကာ မိုးလုံလေလုံ အားကစားရုံ၌ လေ့ကျင့်သင်ကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ခန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေ(၂)ရက်စီဖြင့် သြဂုတ် ၃၀ ရက်နေ့အထိ လေ့ကျင့်သင်ကြားသွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအေး ဦးဆောင်၍ ဝန်ထမ်းများက လေ့ကျင့်သင်ကြား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားလှုပ်ရှားရခြင်း၏ အကျိုးကျေးဇူးများ၊ သက်ရှည် ကျန်းမာဖို့နေ့စဉ် လမ်းလျှောက်ကြစို့၊ လူတိုင်းအတွက် ကျန်းမာရေး၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း(၄)မျိုး စသည့် အကြောင်းအရာများပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။
တိုးဝေဇင်၊ စောအောင်မျိုးလွင်(ပြန်ဆက်)