ယူရို ၂၀၂၀ (၁၆) သင်းအဆင့် နယ်သာလန်နှင့် ချက်၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့ ယှဉ်ပြိုင်ကစားမည်

ဇွန် ၂၆

ယူရို ၂၀၂၀ ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်များကို ယှဉ်ပြိုင် ကစားလျက်ရှိရာ ယနေ့ည ၁၀ နာရီခွဲတွင် နယ်သာလန် အသင်းနှင့် ချက်အသင်း၊ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် နာမည်ကြီး ဘယ်လ်ဂျီယံအသင်းနှင့် လက်ရှိချန်ပီယံပေါ်တူဂီ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

နယ်သာလန်အသင်းသည် အုပ်စုအဆင့်တွင် အုပ်စု(C)၌ ဩစတြီးယား၊ ယူကရိန်း၊ မြောက်မက်ဆီဒိုးနီးယား အသင်းတို့နှင့်အတူ ကျရောက်ခဲ့ပြီး သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ကိုးမှတ်နှင့်အတူ အုပ်စုပထမဖြင့် ၁၆ သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ နယ်သာလန်အသင်းသည် အဆိုပါ သုံးပွဲတွင် ရဂိုး ရှစ်ဂိုးရှိပြီး ပေးဂိုးနှစ်ဂိုး ခွင့်ပြုပေးထားရသောကြောင့် တိုက်စစ်၊ ခံစစ်အားကောင်းသည့်အသင်းဟု ဆိုနိုင်သည်။ ပြိုင်ဘက် ချက်အသင်းသည် အုပ်စု (D) တွင် အင်္ဂလန်၊ ခရိုအေးရှား၊ စကော့တလန်အသင်းတို့နှင့် အတူ ကျရောက်ခဲ့ပြီး သုံးပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံး ရမှတ်လေးမှတ်နှင့်အတူ အကောင်းဆုံးအုပ်စုတတိယဖြင့် ၁၆သင်းအဆင့်သို့တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။

နယ်သာလန်အသင်းနှင့် ချက်အသင်းတို့သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် နှစ်ကြိမ်တွေ့ဆုံထားပြီး ချက်အသင်းကသာ နှစ်ကြိမ်စလုံး နိုင်ပွဲရယူထားသည်။ ထို့ကြောင့် နယ်သာလန်အသင်းသည် ချက်အသင်းနှင့်တွေ့ဆုံတိုင်း ရလဒ်မကောင်းတတ် သည့်အစဉ်အလာဆိုးကို ယခုအကြိမ် တွေ့ဆုံမှုတွင် ချေဖျက်ကာ ယူရိုပြိုင်ပွဲ နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်မလား စောင့်ကြည့်ရမည် ဖြစ်သည်။

ဇွန် ၂၈ ရက် နံနက် ၁ နာရီခွဲတွင် နာမည်ကြီး ဘယ်လ်ဂျီယံအသင်းနှင့် လက်ရှိချန်ပီယံ ပေါ်တူဂီ အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းသည် အုပ်စု(B)တွင် ဒိန်းမတ်၊ ဖင်လန်၊ ရုရှားအသင်းတို့နှင့်အတူ ကျရောက်ခဲ့ပြီး သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ကိုးမှတ်နှင့်အတူ အုပ်စု ပထမဖြင့် ၁၆ သင်း အဆင့်သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။ လက်ရှိချန်ပီယံပေါ်တူဂီအသင်းက အုပ်စု | (F) တွင် ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီအသင်းတို့နှင့်အတူ ကျရောက်ခဲ့ပြီး သုံးပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ်လေးမှတ်နှင့်အတူ အကောင်းဆုံးအုပ်စု တတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်လှမ်း လာနိုင်ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းနှင့် ပေါ်တူဂီအသင်းတို့ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် တို့တွင် ချစ်ကြည်ရေးခြေစမ်းပွဲနှစ်ကြိမ် ယှဉ်ပြိုင် ကစားခဲ့ကာ ပေါ်တူဂီအသင်းက အသာရ၍ တစ်ကြိမ် နိုင်ပြီး တစ်ကြိမ် သရေကျထားသည်။

ယနေ့ပွဲစဉ်တွင် စောင့်ကြည့်ရမည့်ကစားသမား အဖြစ် ဘယ်လ်ဂျီယံအသင်းမှ လူကာကူနှင့် ပေါ်တူဂီ အသင်းမှ စီရော်နယ်ဒိုတို့ရှိနေသည်။ လူကာကူသည် အုပ်စုတွင်း ပြိုင်ပွဲသုံးပွဲတွင် သုံးဂိုးသွင်းယူပေးထားနိုင်ပြီး စီရော်နယ်ဒိုက အုပ်စုတွင်းပြိုင်ပွဲသုံးပွဲတွင် ငါးဂိုးအထိ သွင်းယူပေးထားသည်။ ထို့အပြင် စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ပြင်သစ်အသင်းနှင့်တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့သောပွဲစဉ်တွင် ပေါ်တူဂီအသင်းအတွက် နှစ်ဂိုးသွင်းယူပေးထားနိုင်သောကြောင့် နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်တင်ထားသည့် အီရန်ကစားသမား အလီဒါယီ၏ ၁၀၉ ဂိုး စံချိန်ကို လိုက်မီခဲ့သည်။ ထို့ကြောင့် စီရော်နယ်ဒိုအနေဖြင့် ယနေ့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပါက အဆိုပါကစား သမား၏စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ရန် အခွင့်အရေးရှိနေသည်။

တိုက်စစ်ပိုင်းထက်မြက်ကာ အသင်းလိုက်စုဖွဲ့မှု အားကောင်းနေသည့်ဘယ်လ်ဂျီယံအသင်းအနေဖြင့် စီရော်နယ်ဒို ဦးဆောင်သည့် လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းကို အနိုင်ယူကာ ယူရိုပြိုင်ပွဲနောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်မလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်သည်။

အောင်ဇော်