ယူနန်ပြည်နယ် ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာကြက်တောင် အားကစားအသင်း ပူးတွဲတတိယဆုရရှိ

ရန်ကုန်  ၂၇   ဩဂုတ်

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဖိတ်ခေါ်ဖလား ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကြက်တောင် အားကစားအဖွဲ့မှ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပူးတွဲတတိယ ရရှိခဲ့သည်။

 

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကြက်တောင်အားကစားနည်းပြချုပ် ဒေါ်ဆွေမာဦး ဦးဆောင်သည့် အမျိုးသား အားကစားသမား (၅)ဦး၊ အမျိုးသမီး အားကစားသမား (၃)ဦးတို့ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် အရှေ့တောင်အာရှ၊ အာရှနှင့် ဥရောပနိုင်ငံများမှ  အားကစားသမား (၁၈၇)ဦး နိုင်ငံပေါင်း (၁၁)နိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ကြရာ မြန်မာနိုင်ငံမှ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဒေလီယာနှင့် ရီရီလွင်တို့က ပူးတွဲတတိယဆုကို ရယူပေးခဲ့ပြီး ပထမနှင့် ဒုတိယဆုကို တရုတ်နိုင်ငံက လည်းကောင်း၊ ပူးတွဲတတိယဆုကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ရရှိခဲ့ခြင်း ဖြစ်သည်။

 

ယူနန်ပြည်နယ် ဖိတ်ခေါ်ဖလား ကြက်တောင်ရိုက်ပြိုင်ပွဲကို ဩဂုတ် ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

MDN