ဇူလိုင် ၁၇
ယူဂန်ဒါနိုင်ငံအရှေ့ပိုင်း၌ ကျောင်းကားတစ်စီးမတော်တဆဖြစ်ပွားမှုကြောင့် ကျောင်းသား ၂၀ ဦးအပါအဝင် လူ ၂၁ ဦးထက်မနည်းသေဆုံးပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
ယူဂန်ဒါနိုင်ငံ၏ မြို့တော် ကမ်ပါလာရှိ ကင်းဒေးဗစ် Junior School မှ ကျောင်းသားများကို တင်ဆောင်လာသော ဘတ်စ်ကားသည် ကက်ချော်ဝါခရိုင်ရှိ ချက်ကွာတစ်ရွာတွင် တိမ်းမှောက်ခဲ့ကြောင်း ယာဉ်အသွားအလာနှင့် လမ်းဘေးကင်းရေးညွှန်ကြားမှုဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ ကျောင်းသားများသည် ကက်ချော်ဝါရှိ ဆိုင်ပီရေတံခွန်သို့ လေ့လာရေးခရီးသွားပြီးအပြန် တောင်ဆင်းလမ်းတွင် လမ်းဘေးရှိ ကျောက်တုံးကြီးတစ်ခုကို ဝင်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယာဉ်မတော်တဆဖြစ်ပွားသည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


