ယုံကြည်လုံခြုံစိတ်ချ မဲပေးရေးစနစ်ကျ

  နိုဝင်ဘာ

ယခုအခါ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်ဖြစ်သည့် မဲဆန္ဒနယ်ပြင်ပရောက် နေသူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဖွဲ့စည်းထားသော ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များက အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် လုပ်ငန်းများအားလုံး ပြီးစီးပြီဖြစ်သည်။

ယခုနှစ်တွင် ကြိုတင်ဆန္ဒမဲပေးရေးကို ဆောင်ရွက်ကြရာ၌ ယခင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကာလများက ကျင်းပခဲ့သော ဆန္ဒမဲပေးခြင်းများနှင့်မတူပေ။ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေ များကြောင့် အသက်အရွယ်ကြီးသူများ၊ မဲဆန္ဒနယ်ပြင်ပရောက်ရှိ နေသူများအား ကြိုတင်ဆန္ဒမဲပေးရေး လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများအလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ရာ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့၌ လူစုလူဝေး၊ လူသူထူထပ်မှုကို လျှော့ချ နိုင်မည်ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါသည်။

ကြိုတင်ဆန္ဒမဲပေးရေး လုပ်ငန်းစဉ်များကိုတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက်ကြရာတွင် ကိုဗစ်ရောဂါ ဆိုင်ရာ ကျန်းမာရေးလုပ်ငန်းစဉ်များနှင့်ရွေးကောက်ပွဲဆိုင်ရာ၊ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း။ စည်းကမ်းနည်းလမ်း၊ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်း၊ ပြင်ဆင်စီမံဆောင်ရွက်ခဲ့သည်ကို တွေ့ရပါသည်။ ထိုသို့ကြိုတင်ပြင်ဆင် စီမံဆောင်ရွက် ခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် နေရာဒေသအမျိုးမျိုး၊ ဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင် အဖုံဖုံတို့ဖြင့် အချိန်မီ အချိန်ကိုက် ဆောင်ရွက်ကြရာ၌ ဆန္ဒမဲပေးရေး လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သလို လိုအပ်ချက်၊ အားနည်းချက်၊ ချို့ယွင်းချက်၊ မှားယွင်းချက် အမျိုးမျိုးတို့လည်း ရှိခဲ့ပေသည်။

ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင်သည့်အခြေအနေများ၊ သတ်မှတ်ထားသည့်အချက်များ၊ ချို့ယွင်းချက်များ၊ လိုက်နာရမည့်အချက်များ၊ သိရှိရမည့်အချက်များနှင့် အသိပေးဆောင်ရွက်နိုင်သည့် အခြေအနေ အမျိုးမျိုးတို့နှင့် ဆန္ဒမဲလက်မှတ်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ ရွေးကောက်ပွဲ လုံခြုံရေး၊ စောင့်ကြပ်ကြည့်ရှုလေ့လာရေး အချက်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ကြိုတင်အသိပေးထားပြီး အများပြည်သူ တို့အားလည်း ဆန္ဒမဲမပေးမီကြိုတင်ကြေညာအသိပေးခဲ့သည်။

ကြိုတင်ဆန္ဒမဲပေးရေး၊ ပြည်လုံးကျွတ်ဆန္ဒမဲပေးရေး ပြုလုပ်ကြရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယခုနှစ် ဇွန်လကတည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ အဆင့်ဆင့်ညှိနှိုင်းကာ မဲရုံများ၊ မဲဆန္ဒရှင်များအတွက်သာမကပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် စံလုပ်ငန်းများဖြစ်သော မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်သည့် ကိစ္စများ၊ ရွေးကောက်ပွဲ ဆိုင်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် ကူးစက်ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည်များကို ဆိုင်ရာနှင့် တကွ ပြည်သူအားလုံးသိရှိနိုင်ရန် အသိပေး ထုတ်ပြန်ခဲ့သည်။

ရပ်ကွက်/ကျေးရွာ မဲရုံများတွင် မဲရုံအတွင်း လိုက်နာရမည့်စည်းကမ်းချက်များ၊ မဲရုံပြင်ပတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ကြိုတင် အသိပေးထုတ်ပြန်ထားသည်။ မဲရုံအပြင်တွင် လူစုလူဝေးမဖြစ်ရေး၊ စနစ်တကျ မဲပေးနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်ရေးအတွက်ကူညီဆောင်ရွက်ပေးရမည့် တာဝန်ကျဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများချထားပေးပြီး မဲရုံအတွင်း၌လည်း အဖွဲ့ အစည်းအသီးသီးမှ တာဝန်ပေးထားသူ ၁၀ ဦးခန့်အား ဆန္ဒမဲကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ဥပဒေစည်းကမ်းများနှင့် ဆောင်ရွက် နိုင်ရန် စီစဉ်ခဲ့သည်ကို တွေ့ရပါသည်။ မည်သို့ပင်စီစဉ်ထားသော်လည်း ချို့ယွင်းချက်၊ အားနည်းချက်၊ ဖောက်ဖျက်ချက်များ ရှိနိုင်သည်။ ထိုသို့ရှိလျှင် စည်းကမ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ အထွေထွေရွေးကောက်ပွဲနေ့ကို မကြာမီရောက်ရှိတော့မည် ဖြစ်သည်။ ထိုနေ့မတိုင်မီ ကြိုတင် ဆောင်ရွက်ခဲ့သော ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ ဖြစ်ပေါ်ခဲ့သည့် လိုအပ်ချက်များ၊ ပြဿနာများ၊ စိန်ခေါ်မှု များကို သင်ခန်းစာယူ၍ ဆောင်ရွက်ဖွယ်ရာများကို အလျင်အမြန်ပြင်ဆင် ဆောင်ရွက်ပြီး လုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ ပါဝင်ပတ်သက်သူ အားလုံးကအမျိုးသားရေးအဖြစ်ခံယူကာအတိအကျဆောင်ရွက်သွားခြင်းဖြင့် ပြည်သူများ ယုံကြည်လုံခြုံစိတ်ချစွာ မဲပေးနိုင်မည်ဖြစ်ပါကြောင်း။

ကြေးမုံ