ယုဇနဥယျဉ်မြို့တော်တွင် သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားများပြား

mdn

ရန်ကုန် ၁၉ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ်မြို့တော် မြသီတာပန်းခြံတွင် အောက်တိုဘာ ၁၇ ရက်မှစ၍ ၂၇ ရက်ညအထိ ရက်တိုးကာ  သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ရာ အပျော်စီးချားရဟတ်များ၊ ကလေးလူကြီး စီးနင်းနိုင်သည့် ပင်လယ်ဓားပြရွက်လှေများ၊ ဂြိုလ်တု အနိမ့်အမြင့် အဝိုင်းပတ်များဖြင့် စည်ကားစွာတွေ့မြင်ရသည်။

 

မြသီတာပန်းဥယျာဉ် ဆိုင်တန်းများတွင် ဒုတ်ထိုးနှင့် ခေါက်ဆွဲကြော်ဆိုင်များ၊ အအေးဆိုင်များ၊ ထိုင်းအစားအစာ၊ ကိုရီးယားအစားအစာ၊ မြန်မာမုန့်ဟင်းခါး၊ ရခိုင်မုန့်တီများကို ရောင်းချနေသည့် ဆိုင်များရှိပြီး ပွဲဈေးတစ်လျှောက်တွင် မြန်မာ့ရိုးရာ အစားအစာများ ရောင်းချလျက်ရှိသည်။

 

"ဒီလိုပွဲမျိုးလေးတွေ လုပ်သင့်နေတာကြာပေါ့၊ ပြဿနာဖြစ်မှာလည်းစိုးတယ်လေ၊ ယုဇနဥယျာဉ်မြို့တော်ကို နေချင်စဖွယ်ဖြစ်စေချင်တာ၊ အခုဆိုရင် ကလေးကစားကွင်း အခမဲ့ပန်းခြံလည်းရှိနေပြီ၊ စူပါမားကတ်လည်းရှိနေပြီ၊ သွားလာရေးအတွက်လည်း YBS ယာဉ်လိုင်းတွေလည်း တိုးချဲ့ပြေးဆွဲနေပြီ၊ နောက်ပိုင်းမှာ ရုပ်ရှင်ရုံတောင် ရှိလာတော့မယ်လို့ကြားတယ်၊ ရေအခက်အခဲတော့ ရှိနေသေးတယ်၊ နောက်ပိုင်းတော့ အဆင်ပြေသွားလိမ့်မယ် ထင်ပါတယ်"ဟု ယုဇနနေထိုင်သည့် ရပ်မိရပ်ဖတစ်ဦးကပြောသည်။

 

လူနေများပြားသည့် အမှတ်(၉၄)ရပ်ကွက်၊ အမှတ်(၉၃)ရပ်ကွက်၊ အမှတ်(၉၂)ရပ်ကွက်ကြီးများနှင့် ချင်းတွင်းရိပ်မွန်အိမ်ရာနေ ပြည်သူများ၏ အလယ်တွင်ရှိသော မြသီတာပန်းဥယျာဉ်၏ အရှိန်ဖြင့် မကြာမီအချိန်တွင် ထိုပတ်ဝန်းကျင်တဝိုက် နေချင်စဖွယ် မြို့နယ်တစ်ခုဖြစ်လာနိုင်ကြောင်း အမှတ်(၉၄)ရပ်ကွက် ရာအိမ်မှူးဝန်ထမ်းဟောင်းတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

                                                                                                           

ကိုကြီးစိုး(ဆိပ်ကမ်း)