ယွန်းပညာကောလိပ် (ပုဂံ) တွင် (၁၄)ကြိမ်မြောက် ယွန်းအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ

ညောင်ဦး  ၉ ဖေဖော်ဝါရီ   


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအောက်ရှိ ယွန်းပညာကောလိပ် (ပုဂံ) ၌ (၁၄)ကြိမ်မြောက် ယွန်းပညာဒီပလိုမာ အပ်နှင်းပွဲကို ဖေဖော်ဝါရီ ၉ ရက်က ကျင်းပခဲ့သည်။


အခမ်းနားတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းက ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ယွန်းပညာကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။

 

123


အဆိုပါ ယွန်းပညာ ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတွင် ယွန်းပညာကောလိပ် (ပုဂံ) က ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၏ ယွန်းအတတ်သင်ဒီပလိုမာ (၂)နှစ် သင်တန်းနှင့် ယွန်းအတတ်ပညာ ဒီပလိုမာ (၁)နှစ် အထူးသင်တန်းများကို ယွန်းအတတ်ပညာ ဒီပလိုမာအပ်နှင်းသည့်အပြင် ၂၀၁၈ ပညာသင်နှစ် အထက်တန်း ယွန်းပညာ (၂) နှစ်သင်တန်းကိုလည်း သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ ယွန်းအတတ်သင် ဒီပလိုမာ (၂) နှစ်သင်တန်းနှင့် ယွန်းအတတ်ပညာ ဒီပလိုမာ (၁) နှစ် အထူးသင်တန်းတို့တွင် ကျောင်းသား (၄၁) ဦး၊ ကျောင်းသူ (၇၆) ဦး စုစုပေါင်း (၁၁၇) ဦး ဒီပလိုမာအပ်နှင်းခဲ့ပြီး အထက်တန်းယွန်းပညာ (၂) နှစ်သင်တန်း အောင်မြင်ပြီးမြောက်ခဲ့သည့် ကျောင်းသူ (၅) ဦးတို့ကိုလည်း အောင်လက်မှတ်များ ချီးမြှင့်ခဲ့သည်။


ယွန်းပညာ ကောလိပ် (ပုဂံ) ကို ၁၉၂၄ ခုနှစ်တွင် ယွန်းလုပ်ငန်းအတတ်သင်ကျောင်းဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ၂၀ဝ၃ ခုနှစ်တွင် ယွန်းပညာကောလိပ် (ပုဂံ) အား အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး (၁၄)ကြိမ်မြောက် ယွန်းပညာ ဒီပလိုမာအပ်နှင်းသည့် အချိန်ထိ ကျောင်းသားကျောင်းသူ (၁၂၃၀) ဦး ဒီပလိုမာ အပ်နှင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


မောင်မောင်ထိန် (ကျောက်ပန်းတောင်း)

 

123