ယင်းမာပင် ၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် တူးဖော်လျက်ရှိသော အနက်ပေ (၈၀ဝ)ရှိ တွင်းနက်(၅)တွင်းတူးဖော်မှုလုပ်ငန်းများ တူးဖော်လျက်ရှိရာ (၄၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးထံမှ သိရသည်။
“ဌာနကတွင်းတူးဖော်ခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးတာဖြစ်ပြီး တောင်သူတွေ အနေနဲ့က မိမိတို့ ကိုယ်ပိုင်ရေစုပ်စက်နဲ့ မြေအောက်ရေကို ထုတ်ယူသုံးစွဲရမှာ ဖြစ်ပါတယ် ဇီးချိုင်ကျေးရွာမှာ စိုက်ပျိုးရေ အထောက်အကူပြုတွင်းနက်များတူးဖော်ခြင်းလုပ်ငန်းလုပ်တာ တစ်လ ကျော်သွားပြီး တွင်းတစ်တွင်းက အားလုံး ပြီးသွားပြီ၊ ဒုတိယတွင်းကတော့ တူးပြီးလို့ ပိုက်ချတာတွေ လုပ်နေပြီ တွင်းမှုတ်တာ လုပ်ပြီးရင်တော့ သုံးလို့ရပါပြီ၊ ပြီးရင်တော့ကျားတက်ကျေးရွာကတွင်း(၃)တွင်းကို ဆက်ပြီးတော့ တူးဖော်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းမာပင် ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးက ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ယင်းမာပင်ရေလျှံဇုန်အစပ် ဆားလင်းကြီးမြို့နယ်အတွင်း စိုက်ပျိုးရေ အခက်အခဲဖြစ်သော ဇီးချိုင်ကျေးရွာနှင့် ကျားတက်ကျေးရွာတို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်မှ ငွေကျပ် (၄၅)သန်းအကုန်အကျခံပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အနက်ပေ (၈၀ဝ) တွင်းနက်(၅)တွင်းကို မတ်လ လဆန်းပိုင်းမှ စတင်တူးဖော်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းအားလုံး၏ (၄၀)ရာခိုင်နှုန်းပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


