မုံရွာ  ၁၈  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင် ပုလဲနှင့် ဆားလင်းကြီးမြို့နယ်အတွင်း တည်ရှိသည့် ယင်းမာပင်ရေလျှံဇုန်ကြီး မြေအောက်ရေထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အမေရိကန်ဒေါ်လာ (၁.၄)သန်း ကုန်ကျမည (၃)နှစ်ကြာ စီမံကိန်းဖြင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

320

 

 ““မြေအောက်ရေကို ထိန်းသိမ်းဖို့ဆိုတာက အရေးကြီး လိုအပ်နေတာဖြစ်တော့ ပထမဦးစားပေး လုပ်ဆောင်ရမယ့် အခြေအနေဖြစ်လာတယ်၊ အဲဒါကြောင့် စီမံကိန်းကိုရွေးရခြင်းဖြစ်ပါတယ်၊ မြေအောက်ရေကို စီမံခန့်ခွဲရေးအတွက် ပူးပေါင်းပြီး စီမံကိန်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အဖြေရှာကြမယ်၊ ရတဲ့အဖြေတွေကို လက်တွေ့အသုံးချပြီး အကောင်အထည်ဖော်ကြမယ်၊ မြေအောက်ရေ ထိန်းသိမ်းဖို့အတွက် မြေအောက်ရေ ဖိအားတွေ ပြန်တက်လာ အောင်အဖြေရှာကြမယ်၊ အဲဒီအဖြေတွေ ရပြီးတဲ့အခါမှာ တစ်ချို့ကျေးရွာတွေမှာ သုတေသနအဖြေတွေကို အမှန်တကယ် အသုံးချမယ်၊ အမှန်တကယ် အလုပ်ဖြစ်တယ်၊ အောင်မြင်တယ်ဆိုရင် ဒီပုံစံက အကောင်အထည်ဖော် ဆောင်မှုအခြေအနေတွေကို အပူပိုင်းဇုန်အတွင်း ကျရောက်နေတဲ့ အညာဒေသတွေ၊ မြေအောက် ရေလျှံတွင်း ရှိတဲ့နေရာတွေမှာ ဒီပုံစံအတိုင်းဆက်ပြီး အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအဖြေတွေကို အကောင်အထည် ဖော်လို့ရပါတယ်”” ဟု နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုဖြစ်သော ( International Water Management Institute –IWMI)မှ  Program Manager ဦးဖေကိုဦးက ပြောသည်။

 

၎င်းစီမံကိန်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်း တစ်ခု ဖြစ်သော International Water Management Institute –IWMI)တို့ပူးပေါင်းကာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ မှစတင်ပြီး ၂၀၂၂ ခုနှစ်ဒီဇင်ဘာလကုန်တွင် စီမံကိန်းပြီးဆုံးမည်ဖြစ်ကြောင်း၊ အမေရိကန် ဒေါ်လာ (၁.၄)သန်း ကုန်ကျမည်ဖြစ်ပြီး စီမံကိန်းပထမနှစ်တွင် ရေလျှံဇုန်အတွင်း မြေအောက်ရေဖိအားကျဆင်း မှုကြောင့် ရေထွက်နည်းလာခြင်းနှင့် ရေအောင်းလွှာအတွင်း ရေနည်းလာရသည့် အကြောင်းအရာများကို သုတေသန လုပ်ငန်းများ လုပ်ဆောင်ကာ အဖြေရှာခြင်းကို လုပ်ဆောင်မည်ဖြစ်ပြီး စီမံကိန်းဒုတိယနှစ်နှင့် တတိယနှစ်တို့တွင် သုတေသန ဖော်ထုတ်ချက် အဖြေများကို လက်တွေ့အကောင်အထည်ဖော်သည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)