ယခုနှစ်ရော်ဘာပြားများ ယခင်နှစ်ကထက် ဈေးနှုန်းပိုရရှိ

သုဝဏ္ဏဝတီ အောက်တိုဘာ ၉

 

မွန်ပြည်နယ် သထုံမြို့နယ်သုဝဏ္ဏ ဝတီမြို့တွင် ရော်ဘာရာသီ စတင်ချိန်တွင် ဈေးနှုန်းကောင်းမွန်စွာ ရရှိသောကြောင့် ရော်ဘာပြားများအား မှိုင်းမခံတော့ဘဲ အဝယ်ဒိုင်များဆီသို့ နေလှန်းပြားများ အဖြစ်သာ ရောင်းဝယ်နေကြကြောင်း သိရသည် ။ “မနှစ်ကထက်တော့ ဈေးပိုတော့ရပါတယ်။ အခုချိန်က ခြံထဲက ထွက်သလောက် တစ်ပတ်၊ ဆယ်ရက် တစ်ခါစုပြီး ရောင်းပါတယ်။ မှိုင်းမတင်တော့ဘူး။ မှိုင်းဈေးနဲ့ နေလွတ်ဈေးက သိပ်မကွာတဲ့အပြင် မှိုင်းတင်ရင်လဲ အလုပ်ပိုများပါတယ်။ ခြံအစေးခြစ်သမား တွေရဲ့ လစာက ကြိုပေးထားရတာကြောင့် ရောင်းရပါတယ်။ ခြံတစ်ကွက် အပင် ၃၀၀ ခန့်ကို အစေးခြစ်ခ ကိုးသောင်းခွဲကျပ် ပေးရပါတယ်။ လူလေးဦး ဖြစ်ပါတယ်။ တစ်လကို အလုပ်သမား လေးသိန်းကျပ်နီးနီး ပေးရတဲ့အတွက် အလုပ်သမားခ အလျင်မီအောင်လည်း ပေးရပါတယ်။ ဒီဈေးနှုန်းထက် မကျရင်တော့ မိသားစုအတွက်တော့ အဆင်ပြေပါတယ်” ဟု ဝင်းပကျေးရွာမှ တစ်နိုင်တစ်ပိုင် ရော်ဘာခြံပိုင်ရှင် ဖြစ်သူဒေါ်မီးငယ်က ပြောသည်။

 

ရော်ဘာစဝယ်တဲ့ တော်သလင်းလကွယ်နေ့ကတည်း က နေလှန်းပြားတွေပဲ ဝယ်ရပါတယ်။ တစ်နေ့ကို ပေါင် တစ်သောင်းခွဲကနေ ပေါင်နှစ်သောင်းအထိ ဝယ်ရတယ်။ ဈေးနှုန်းအပြောင်းအလဲကို နေ့စဉ်ဆိုင်းဘုတ်မှာ ရေးထားပေးပါတယ်။ မှိုင်း ၁၀၇၀ ကျပ်၊ နေလွတ် ငွေ ကျပ် ၁၀၆၀၊ နေလှန်းငွေကျပ် ၉၇၀ ပါ။ ဒီနှစ်က ရာသီအစ ဆိုင်ဖွင့်ကတည်းက ရောင်းတဲ့သူများပါတယ်”ဟု သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် ရွှေလက်ဆောင် ရော်ဘာရောင်းဝယ်ရေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူ ဒေါ်ထားရွှေက ပြောသည် ။

 

ယမန်နှစ်က ရော်ဘာတစ်ပေါင် ရှစ်ရာကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်မှာ ငွေကျပ်တစ်ထောင် ဈေးနှုန်း ရှိသော်လည်း ရော်ဘာဈေးနှုန်းများသည် ကာလဒေသအလိုက် ဈေးနှုန်းများ မတူညီ၊ မတည်ငြိမ် မှုကြောင့် ဒေသအတွင်းရှိရော်ဘာ လုပ်ကိုင်နေကြသူများသည် ရော်ဘာဈေးနှုန်းများ တည်ငြိမ်မှုရှိရန် ဆန္ဒရှိနေကြောင်းနှင့် သက်ဆိုင်ရာမှလည်း ဈေးနှုန်းတည်ငြိမ်မှု ရှိအောင် ထိန်းညှိပေးရန် လိုအပ်နေကြောင်း သိရသည်။

 

ခွန်(ဝင်း)