ပေကျင်း ဇူလိုင် ၅
တရုတ်နိုင်ငံသည် ယခုနှစ် ပထမငါးလတာ ကာလအတွင်း အထည်ချုပ်လုပ်ငန်းမှ ဝင်ငွေ စံချိန်တင် မြင့်တက်မှုရှိခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလအထိကာလအတွင်း တရုတ်နိုင်ငံ၏ အဓိကအဝတ်အထည်ကုမ္ပဏီ ၁၃၀၅၃ ခုသည် စုစုပေါင်း ဝင်ငွေ ယွမ် ၅၆၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၉ ဘီလီယံ ခန့်) ရရှိခဲ့ကြောင်းနှင့် ယမန်နှစ် အလားတူကထက် ၆ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်မှုရှိခဲ့ကြောင်း တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြောကြားသည်။
သို့ရာတွင် အဆိုပါကုမ္ပဏီများ၏ အမြတ်အစွန်း မှာမူ ယွမ် ၂၃ ဒသမ ၃ ဘီလီယံသာရှိခဲ့ခြင်းကြောင့် ယမန်နှစ်ကထက် ၄ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလအထိကာလအတွင်း တရုတ်နိုင်ငံ၏ အထည်အလိပ်နှင့် အသုံးအဆောင် ပစ္စည်းများ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၂ ဘီလီယံရှိခဲ့ခြင်းကြောင့် ၁၀ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနက ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်