ယခုနှစ်နွေရာသီတွင် ကျင်းပမည် ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် စပိန်ကစားသမားစာရင်းမှ ရာမို့စ် ချန်လှပ်ခံရ

ဆာဂျီယိုရာမို့စ်သည် နည်းပြ လူးဝစ်အင်းနရစ်၏ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အသင်းကစားသမား စာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။ အသက် ၃၅ နှစ်အရွယ် ဗဟိုခံစစ်ကစားသမား ရာမို့စ်သည် ရီးရဲမက်ဒရစ်အသင်းအတွက် မတ်လနောက်ပိုင်း ဒဏ်ရာကြောင့် |တစ်ပွဲသာ ကစားထားရသေးကြောင်း သိရသည်။ အင်းနရစ်အနေဖြင့် ရာမို့စ်ကို ချန်လှပ်ခဲ့သောကြောင့် ယခုနှစ်ရာသီတွင် ကျင်းပမည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ရီးရဲမက်ဒရစ်အသင်းမှ ကစားသမားတစ်ဦးမျှ ရွေးချယ်မခံခဲ့ရကြောင်း သိရသည်။

မန်စီးတီးအသင်းမှ ခံစစ်ကစားသမားလာပေါ်တေးသည် ပြင်သစ်နိုင်ငံသားမှ စပိန်နိုင်ငံသားအဖြစ် ဖီဖာက အတည်ပြုလိုက်သောကြောင့် စပိန်အသင်း၏ ၂၄ ဦး ကစားသမားစာရင်းတွင် ပါဝင်လာခဲ့သည်။ အင်းနရစ်သည် ၎င်းကို ရွေးချယ်လိုက်သောကြောင့်ဘရိုက်တန်ဂိုးသမား ရော်ဘတ်ဆန်းချက်ဇ်၊ လိဒ်စ် ခံစစ်ကစားသမား ဒီယေဂိုလော်ရန်တေး၊ ဝုဖ်အသင်းမှ တိုက်စစ် ကစားသမား အက်ဒမာထရာအိုရေး စသည့် ကစားသမားများအပါအဝင် ယခုနှစ်နွေရာသီတွင် ကျင်းပမည့် ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ပရီမီယာလိဂ်မှ ၁၀ ဦးအထိ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရာမို့စ်သည် မတ်လတွင် ဂရိ၊ ကိုဆိုဗိုတို့နှင့် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ပြင်သစ်အသင်းအတွက် ကစားထားခဲ့ကြောင်း သိရသည်။

ကစားခွင့်နည်းပါးခဲ့

ရာမို့စ်ကို ချန်လှပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး နည်းပြ အင်းနရစ်က အခုလို ဆုံးဖြတ် ရတာ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် ရာမို့စ်က ဒီရာသီမှာ ရီးရဲမက်ဒရစ်အသင်းအတွက် ကစားခွင့် နည်းပါးခဲ့တယ်လေ။ သူက ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်ပြီး စပိန်အသင်းကို အများကြီး အထောက်အကူပြုတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက်လည်း အခုလို ချန်လှပ်ခဲ့ရတာ ကျွန်တော်စိတ်မကောင်းပါဘူး။ အသင်းအတွက် ကြံ့ခိုင်မှုပြည့်ဝပြီး အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ရမယ်လေ ဟု ပြောကြားသည်။

တစ်အုပ်စုတည်း ကျရောက်နေ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် ယူရို ၂၀၂၀ ပြိုင်ပွဲကို လာမည့် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ စပိန်အသင်းသည် အုပ်စု (E)တွင် ပိုလန်၊ စလိုဗက်ကီးယားနှင့် ဆွီဒင်အသင်းတို့နှင့်တစ်အုပ်စုတည်း ကျရောက်နေသည်။

ရွေးချယ်ထား

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် စပိန်အသင်း၌ ရွေးချယ်ထားသည့် ကစားသမားများမှာ ဂိုးသမားများအဖြစ် ဆီမွန်၊ ဒီဂီယာ၊ ဆန်းချက်ဇ်၊ ခံစစ်တွင် ဂါယာ၊ အယ်ဘာ၊ တောရက်စ်၊ လာပေါ်တေး၊ ဂါစီယာ၊ လော်ရန်တေး၊ အက်စ်ပက်လီကျူးတာ၊ ကွင်းလယ်တွင် ဘတ်စ်ကွက်၊ ရိုဒရီ၊ ပီဒရီ၊ အယ်ကန် တာယာ၊ ကိုကီ၊ ရူးစ်၊ မားကို့စ် လော်ရန်တေး၊ တိုက်စစ်တွင် အိုလ်မို၊ အိုယာဇာဘယ်၊ မိုရာတာ၊ မိုရီနို၊ ဖာရန်တောရက်စ်၊ ထရာအိုရေး၊ ဆာရာဘီယာ စသည့် ကစားသမားများကို ရွေးချယ်ထားသည်။

အောင်ဇော်